မက်မန်းမြို့ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင်  “ခေါင်းဆောင်မှုနဲ့စီမံခြင်း” စာအုပ်ဖြင့် စာဖတ်ဝိုင်း ကျင်းပ

မက်မန်း ဒီဇင်ဘာ ၈

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း မက်မန်းခရိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျောင်းသား လူငယ်များ စာဖတ်သည့် အလေ့အထကောင်းများ ရရှိလာစေရေး၊ စာပေများမှတစ်ဆင့် ဗဟုသုများ တိုးပွားလာစေရေး၊ မြန်မာစာ၊ မြန်မာစကားအသုံးအနှုန်းများကို မှန်ကန်စွာ ပြောဆိုတတ်စေရန် ရည်ရွယ်၍ စာရေးဆရာ ချစ်နိုင်(စိတ်ပညာ)၏ “ခေါင်းဆောင်မှုနှင့် စီမံခြင်း” စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့ နံနက် ၉ နာရီ အချိန်က ကျင်းပခဲ့သည်။

ထိုသို့ စာဖတ်ဝိုင်းဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒေါ်ဥမ္မာချို (လက်ထောက်ညွှန်ကြားရေးမှူး)က ယနေ့နည်းပညာတိုးတက်လာသောခေတ်တွင် လူငယ်များအတွက် စာအုပ်စာစောင်များ ဖတ်ရှုသည့် အလေ့အထများ နည်းပါးလာသည့်အတွက် စာဖတ်ဝိုင်းများ ဆောင်ရွက်ရခြင်းဖြစ်ကြောင်း ရှင်းလင်းဆွေးနွေးသည်။  ထို့နောက် လူငယ်စာဖတ်ဝါသနာရှင် မောင်အောင်ဟိန်းထက်က “လူဆိုသည်မှာ” ဆောင်းပါးအားလည်းကောင်း၊ မောင်ထက်သူနိုင်က “တန်းဖိုးရှိတဲ့ဘဝ” ဆောင်းပါးအားလည်းကောင်း၊ မောင်အောင်မြတ်ထွန်းက “အဆင်းနှင့်အတတ်” ဆောင်းပါးအားလည်းကောင်း၊ မမာထက “တစ်နေ့တစ်နေ့ တရွေ့ရွေ့” ဆောင်းပါးအားလည်းကောင်း၊ မထက်မြတ်နိုးဦးက “စိတ်ကောင်းထားရှိ အမှန်ကြီးပွား၏” ဆောင်းပါးအားလည်းကောင်း အသီး သီး ဝိုင်းဝန်းဆွေးနွေးခဲ့ကြသည်။ ထို့ပြင် တက်ရောက်လာကြသော စာပေချစ်မြတ်နိုးသူ Book Club အဖွဲ့ဝင်များလည်း အပြန်အလှန် ဝိုင်းဝန်းဆွေးနွေးခဲ့ပြီး Book Club အဖွဲ့ဝင် (၄၀)ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ပန်းကျင် (ခရိုင်၊ ပြန်/ဆက်)