မိုင်းယောင်း၌ စာအုပ်စာစောင်ချစ်မြတ်နိုးသည့် ဝါသနာတူကလပ်အသင်းများ စာဖတ်ဝိုင်းကျင်းပ

မိုင်းယောင်း ဒီဇင်ဘာ ၈

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာအုပ်စာစောင်ချစ်မြတ်နိုးသည့် ဝါသနာတူကလပ်အသင်းများက ယနေ့နံနက် ၁၀ နာရီတွင် စာဖတ်ဝိုင်းပြုလုပ်ကျင်းပကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်နန်းပန်က အသိပညာတိုးပွားရေးအတွက် စာဖတ်ဝိုင်းပြုလုပ်ရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး စာအုပ်စာပေချစ်မြတ်နိုးသူ အသင်းအဖွဲ့နှင့် စာဖတ်ဝါသနာရှင် ပြည်သူများအချင်းချင်း မိတ်ဆက်ခဲ့ကြကာ စာရေးဆရာချစ်နိုင်(စိတ်ပညာ)၏ တန်ဖိုးရှိလှ လူငယ်ဘဝစာအုပ်ကို ဒုတိယဦးစီးမှူး၊ Woman Club မှ ဒေါ်ဝင်းဝင်းအောင်၊ ရုပ်သံကျွမ်းကျင်-၃ ဒေါ်နန်းစီဖေါင်း၊ Book Club မှ ဦးကျော်ကျော်မိုးနှင့် Youth Club မှ ဦးအောင်ဆန်းဦးတို့က အသီးသီးဖတ်ကြားခဲ့ကြသည်။

ထို့နောက် စာဖတ်ခြင်းသည် အသိအလိမ္မာကို ပေးစွမ်းနိုင်ရုံမက ဗဟုသုတကြွယ်ဝပြီး အတွေးအခေါ်ရင့်သန်လာ၍ အသိဉာဏ်ပညာ တိုးတက်ကြီးမားမှုတို့ကိုပေးစွမ်းနိုင်ကြောင်း၊ စာပေဗဟုသုတကြွယ်ဝခြင်းကြောင့် အသက်မွေးဝမ်းကျောင်းမှု မြင့်မားစေခြင်း၊ ဆုံးဖြတ်ချက်မှတ်ကန်စွာချနိုင်ခြင်း၊ ကျန်းမာရေးဂရုပြုစောင့်ရှောက်မှုဆိုင်ရာ အချက်အလက်များကို ရရှိနိုင်ခြင်းစသည့် မြောက်များလှစွာသော အကျိုးကျေးဇူးများကိုရရှိနိုင်ကြောင်း၊ စာဖတ်ဝါသနာပါသူများအချင်းချင်း မိမိတို့ ဖတ်ရှုထားသည်များကို ပြန်လည်ဆွေးနွေးခြင်း၊ ရရှိလာသည့် အသိပညာဗဟုသုတနှင့် စာပေဆိုင်ရာအသိအမြင်များကို အပြန်အလှန် ဆွေးနွေးဖလှယ်ခြင်းများ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

စိုင်းအောင်ဇော်လင်း