မိုင်းယောင်း ဒီဇင်ဘာ ၈
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် ဆောင်းရာသီကာလ ရာသီစာ ကြိမ်စေ့ ရှာဖွေရောင်းချသူများ မိသားစုအပိုဝင်ငွေ ရရှိနေကြောင်း သိရသည်။
မိုင်းယောင်းတွင် ကြိမ်စေ့(အကြီး)မျိုးနှင့် ကြိမ်စေ့(အသေး)မျိုးဟူ၍ ကြိမ်စေ့ အမျိုးအစား နှစ်မျိုးရှိပြီး အကြီးမျိုးက တစ်ဗန်းလျှင် ကျပ် ၃၀၀၀ နှင့် အသေးမျိုးက တစ်ဗန်းလျှင် ကျပ် ၂၀၀၀ ရောင်းရကြောင်း၊ ကြိမ်စေ့ အကြီးမျိုးဖြစ်စေ အသေးမျိုးဖြစ်စေ တစ်ရက်လျှင် ကျပ် ၃၀၀၀၀ မှ ၅၀၀၀၀ အထိ ရောင်းရကြောင်း၊ ကြိမ်စေ့ကို အစိမ်းလိုက် စား၍လည်းရကာ များသောအားဖြင့် မီးအရှိန်ပူပူနှင့်လှော်ပြီး အရသာရှိစွာ စားသုံးကြကြောင်း သိရသည်။
ကလေးရော လူကြီးပါ အထူးကြိုက်နှစ်သက်သော ကြိမ်စေ့ကို ဒေသခံတိုင်းရင်းသားများက “မကော်သီး”ဟု ခေါ်ဆိုပြီး ကြိမ်စေ့ပင်(မိုက်ကော်)များသည် တောတောင်များတွင် သဘာဝအလျောက် ပေါက်ရောက်ကာ အပင်ပေါ် တက်ခူး၍လည်းကောင်း၊ အပင်ရင်းမှ လိုက်လံကောက်ယူ၍လည်းကောင်း အလွယ်တကူ ရရှိကြောင်း သိရသည်။
စိုင်းအောင်ဇော်လင်း