လူငယ်နှင့်အားကစားခေါင်းစဉ်ဖြင့် အသိပညာပေးဟောပြောပွဲကျင်းပ

လားရှိုး ဒီဇင်ဘာ ၈

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ အမှတ်(၇) အခြေခံပညာအထက်တန်းကျောင်းတွင် ယမန်နေ့ နံနက် (၁၀)နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ “လူငယ်နှင့်အားကစား” ခေါင်းစဉ်ဖြင့် အသိပညာဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ လားရှိုးခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဦးစိုင်းထွန်းနေလှိုင်က လားရှိုးလူထုအခြေပြုဗဟိုဌာန Community Centre တွင် ဆောင်ရွက်လျက်ရှိသော ပြည်သူ့အကျိုးပြု လုပ်ငန်းများ၊ ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းများ၊ ကျောင်းသားလူငယ်များအတွက် ဖွင့်လှစ်လျက်ရှိသော အခမဲ့သင်တန်းများနှင့် ဆက်လက်ဖွင့်လှစ်မည့် သင်တန်းများ၊ စာဖတ်ခြင်း၏ အကျိုးကျေးဇူးများ စသည့်အကြောင်းအရာများကို ဆွေးနွေးဟောပြောခဲ့သည်။ ဆက်လက်၍ လားရှိုးမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာန၊ အားကစားမှူး ဒေါ်ချောစုအောင်က ကျောင်းသားလူငယ်များအတွက် အားကစားပြုလုပ်ခြင်း၏ ကောင်းကျိုးများ၊ အားကစားနှင့်ပတ်သက်သည့် အသိပညာပေးဟောပြောခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများအတွက် အားကစား ပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့သည်။

ထို့နောက် အားကစားပြိုင်ပွဲများတွင် ဆုရရှိသူများက သက်ဆိုင်ရာအားကစားနည်းများဖြင့် သရုပ်ပြ ဖျော်ဖြေခဲ့ကြပြီး ကျောင်းသားကျောင်းသူများနှင့်အတူ  Fitness Dance ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

စိုင်းအောင်ကျော်စိုး