(၂၁)နှစ်မြောက် ပအိုဝ်းအမျိုးသား ဘောလုံးအဖွဲ့ချုပ် (P.N.F.F) ဥက္ကဋ္ဌဖလားနှင့် ကန်တော်ကြီးဥက္ကဋ္ဌဖလား နောင်ကားဘောလုံး ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ

ကျောက်တလုံးကြီး ဒီဇင်ဘာ ၈

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့၊ နောင်ကားကျေးရွာအုပ်စုတွင်  ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (P.N.F.F) ဥက္ကဋ္ဌဖလားနှင့် ကန်တော်ကြီးဥက္ကဋ္ဌဖလားဖွင့်ပွဲ အခမ်းအနားကို ယမန့်နေ့နံနက်ပိုင်းက နောင်ကားစံပြကျေးရွာ ဘောလုံးကွင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဖွင့်ပွဲအခမ်းအနားတွင် ဘင်ခရာတပ်ဖွဲ့မှ ဦးဆောင်ကာ ပြိုင်ပွဲဝင်အသင်းသားများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် ပအိုဝ်းစာပေနှင့် ယဉ်ကျေးမှုအဖွဲ့ဝင်များတို့က ကွင်းအတွင်း  ဝင်ရောက်နေရာယူပြီး၊ ပြိုင်ပွဲဝင်ကျင်းပရေးကော်မတီဥက္ကဋ္ဌ  ဦးပီတာထွန်းနိုင်၊  ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNFF)  ဥက္ကဋ္ဌ ဦးခွန်စံလွင်၊ တက်ရောက်လာသည့် ဧည်သည်တော်များနှင့် ပြိုင်ပွဲဝင်ကစားသမားများ တို့က နိုင်ငံတော်အလံနှင့် ပအိုဝ်းအမျိုးသားအလံအား အလေးပြုကာပြိုင်ပွဲဝင်ကစားများတို့က အားကစားသစ္စာဌာန် (၄)ရပ်ကို ရွတ်ဆိုခဲ့ကြသည်။

ဆက်လက်၍   ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (P.N.F.F) ဥက္ကဋ္ဌ  ဦးခွန်စံလွင်က  အဖွင့်စကားပြောကြားခဲ့ပြီး ပြိုင်ပွဲဝင်ကျင်းပရေး ကော်မတီဥက္ကဋ္ဌ ဦးပီတာထွန်းနိုင်က ပြိုင်ပွဲကျင်းပရခြင်းနှင့် ပတ်သက်သည့် ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

အဖွင့်ပွဲစဉ်အဖြစ် ကန်တော်တန်ဝေင်နယ်းအသင်းနှင့် ကောင်ခယ်ဒေသအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြကြောင်း သိရသည်။ နောင်ကားဘောလုံးပြိုင်ပွဲကို အကြီးတန်းအဆင့်(၁၈)သင်းနှင့် အငယ်တန်းအဆင့်(၉၀)သင်းတို့ ဝင်ရောက်ယှဉ်ပြိုင်ကစားမည် ဖြစ်ကြောင်း သိရသည်။

စည်သူ(ပြန်/ဆက်)