ဂွမြို့နယ်တွင် Booster Dose ထိုးနှံရန်ကျန်ရှိသည့် ကျောင်းသား၊ ကျောင်းသူများအား သတ်မှတ်ကာလအတွင်း ထိုးနှံနိုင်ရေး အစည်းအဝေးကျင်းပ

ဂွ    ဒီဇင်ဘာ   

ရခိုင်ပြည်နယ်၊ ဂွမြို့နယ်တွင် ကိုဗစ်-၁၉ကာကွယ်ဆေး Booster Dose ထိုးနှံရန်ကျန်ရှိသည့် ကျောင်းသား၊ ကျောင်းသူများအား သတ်မှတ်ကာလအတွင်း အချိန်မီ ထိုးနှံနိုင်ရေး လမ်းညွှန်မှာကြားမှုအပေါ် ထပ်ဆင့် ဆောင်ရွက်သွားနိုင်ရေးအတွက်  မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ဦးစွာ မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ ဦးဇာနည်ကျော်က ရခိုင်ပြည်နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ၏ လမ်းညွှန်ချက်ဖြစ်သည့် ကာကွယ်ဆေး Booster Does ထိုးနှံရန်ကျန်ရှိသည့် ကျောင်းသား၊ ကျောင်းသူများအား သတ်မှတ်ကာလအတွင်း အချိန်မီ ထိုးနှံနိုင်ရေး၊ ထိုးနှံပြီး ကျောင်းသား၊ကျောင်းသူစာရင်းများကို VMIS စာရင်း မပျက်မကွက် နေ့ချင်းပြီးရေးသွင်းရေးနှင့် စာရင်းသွင်းပြီးသည့်စာရွက်များကို သက်ဆိုင်ရာကျောင်းသား၊ ကျောင်းသူများ၏ အုပ်ထိန်းသူ (သို့မဟုတ်) လက်ဝယ်အရောက် ပေးဆောင်နိုင်ရေးတို့ကိုဆွေးနွေးပြီး ပြောကြားခဲ့ပြီး မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဝင်များ၏ တင်ပြဆွေးနွေးချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းဆွေးနွေးခဲ့သည်။

ဂွမြို့နယ်တွင် အသက်(၅)နှစ်မှ (၁၅)နှစ်အထိကျောင်းပြင်ပ ကိုဗစ်ကာကွယ်ဆေး ထိုးနှံလျာထားဦးရေ ၁၀၀ ဦး၊ ပထမအကြိမ်ကာကွယ်ဆေးထိုးနှံပြီးသူ ၈၇ ဦး၊ ဒုတိယအကြိမ် ကာကွယ်ဆေး ထိုးနှံပြီးသူ ၂၃ ဦးရှိကြောင်းနှင့်  ကိုဗစ်ကာကွယ်ဆေး ထိုးနှံလျာထား အခြေခံပညာ ကျောင်းသား၊ ကျောင်းသူ(ဘကကျောင်းအပါအဝင်) ၅၉၀၁ ဦးရှိရာ ပထမအကြိမ်ကာကွယ်ဆေးထိုးနှံပြီးသူ ၅၉၄၀ ဦး၊ ဒုတိယအကြိမ် ကာကွယ်ဆေး ထိုးနှံပြီးသူ ၅၉၂၆ ဦးဖြစ်ပြီး ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိသည့် ကျောင်းသား၊ ကျောင်းသူ ၁၄ ဦးသာ ကျန်ရှိကြောင်း သိရသည်။

ရွှေရည်ဝင်းကျော်