ညောင်ဦး ဒီဇင်ဘာ ၇
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်၊ အကျဉ်းဦးစီးဌာန၊ ညောင်ဦးအကျဉ်းထောင်အတွင်း မီးဘေးလုံခြုံရေးဆိုင်ရာ ဇာတ်တိုက်လေ့ကျင့်ခြင်းကို ယနေ့နံနက် ၉ နာရီက ပြုလုပ်ခဲ့ကြောင်း သိရသည်။
ညောင်ဦးမြို့နယ်အကျဉ်းဦးစီးဌာန၊ ထောင်တာဝန်ခံအရာရှိနှင့် ဝန်ထမ်းများအနေဖြင့် မီးဘေးကြိုတင်ကာကွယ်ရေးဆိုင်ရာ အသိပညာများ သိရှိစေရန်အတွက် အသိပညာပေး ဟောပြောခဲ့ပြီး မီးလောင်ပါက ဝန်ထမ်းများကိုယ်တိုင် ငြှိမ်းသတ်နိုင်စေရန် မီးသတ်ဆေးဘူးအသုံးပြု၍ မီးငြှိမ်းသတ်နည်း၊ အဝတ်အစိုအသုံးပြု၍ မီးငြှိမ်းသတ်နည်းတို့ကို ခရိုင်မီးသတ်ဦးစီးမှူး ဦးထက်အောင် (လက်ထောက်ညွှန်ကြားရေးမှူး)ဦးဆောင်သော ခရိုင်/မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များက လက်တွေ့ပြသ သင်ကြားပေးခဲ့ကြသည်။
၎င်းနောက် အကျဉ်းထောင်မီးဘေးလုံခြုံရေးအတွက် အကျဉ်းထောင်အတွင်း အသင့်ဝယ်ယူ ဖြည့်တင်းတပ်ဆင်ထားရှိသော မီးဘေးကြိုတင်တားဆီးရေးပစ္စည်းများ ကြံ့ခိုင်ကောင်းမွန် အသင့်ရှိခြင်း/မရှိ လှည့်လည် စစ်ဆေးခဲ့ပြီး အကျဉ်းထောင်ရှိ အပေါ့စားမီးသတ်စက်ဖြင့် လက်တွေ့မီးငြှိမ်းသတ်ရေး ရေစိုလေ့ကျင့်ခန်း ဇာတ်တိုက်လေ့ကျင့်ခြင်းတို့အား စုပေါင်းဆောင်ရွက်ခဲ့ကြကြောင်း ညောင်ဦးမြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်မင်းသူထံက သိရသည်။
ကိုကြေးမုံ