မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ အမှတ်(၂၅) အခြေခံပညာ အထက်တန်းကျောင်းခွဲတွင် လူငယ်စကားဝိုင်းကျင်းပ

ပြည်ကြီးတံခွန် ဒီဇင်ဘာ ၇

 မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်ရှိ အမှတ်(၂၅) အခြေခံ ပညာအထက်တန်းကျောင်းခွဲမှ ကျောင်းသားလူငယ်မောင်မယ်များအနေဖြင့် ဗလငါးတန်နှင့်ပြည့်စုံပြီး အသိပညာဗဟုသုတ တိုးပွားစေရန်၊ နှုတ်မှုစွမ်းရည် တိုးတက်စေရန်၊ လူငယ်များအချင်းချင်း အသိပညာ အတတ်ပညာများ ဖလှယ်နိုင်စေရန်၊ ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများရရှိ‌စေရန်နှင့် စဉ်းစားတွေးခေါ်မှု စွမ်းရည်များ ရင့်သန်လာစေရန် ရည်ရွယ်ချက်များဖြင့် လူငယ်စကားဝိုင်းကို အဆိုပါစာသင်ကျောင်းရှိ သဟာရညီမူယာခန်းမတွင် ယမန်နေ့နံနက် ၉ နာရီက ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါလူငယ်စကားဝိုင်းတွင် မန္တလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်သန်းက အဖွင့်အမှာစကား‌ပြောကြားပြီး ကျောင်းအုပ်ဆရာမကြီးကိုယ်စား အထက်တန်းပြဆရာမ ဒေါ်တင့်တင့်ထွန်းက ကျေးဇူးတင်ဂုဏ်ပြုစကားပြောကြားခဲ့သည်။

ထို့နောက် လူငယ်စကားဝိုင်းကို ဆက်လက်ကျင်းပရာ Grade-10 ကျောင်းသူ မအိသူဖြိုးက လူငယ်နှင့်ယဉ်ကျေးမှုခေါင်းစဉ်ဖြင့်လည်းကောင်း၊ မောင်မင်းခန့်ကျော်က လူငယ်နှင့် မူးယစ်ဆေးဝါး ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မောင်ထွန်းသူဟန်ဇော်က လူငယ်နှင့်စာပေခေါင်းစဉ်ဖြင့် လည်းကောင်း အသီးသီး ဆွေးနွေးဟောပြောကြပြီး တက်ရောက်လာကြသည့် ကျောင်းသားလူငယ်မောင်မယ်များက သိရှိလိုသည်များ မေးမြန်းဆွေးနွေးကြရာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန၊ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်သန်းနှင့် အထက်တန်းပြဆရာမ ဒေါ်တင့်တင့်ထွန်းတို့က မေးမြန်းမှုများကို ပြန်လည် ရှင်းလင်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်