ပန်လုံ ဒီဇင်ဘာ ၈
နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်များနှင့်အညီ ဒေသတွင်း စားသုံးဆီဖူလုံရေးအတွက် ဆီထွက်သီးနှံများကို စိုက်ပျိုးလျက်ရှိရာ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ပန်လုံမြို့၊ မုန်းကွန်ကျေးရွာအုပ်စုတွင် တောင်သူများ စိုက်ပျိုးထားသည့် အောင်မြင်ဖြစ်ထွန်းနေသော နေကြာစိုက်ခင်းကို ယမန်နေ့ နံနက် ၀၉၃၀ အချိန်တွင် ဟိုပန်ခရိုင်စိုက်ပျိုးရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူးနှင့်အဖွဲ့က ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
မုန်းကွန်ကျေးရွာအုပ်စုတွင် ဒေသနှင့်ကိုက်ညီသော အိန္ဒိယနေကြာမျိုး (Black Sunflower Seed)(၁)ဧကနှင့် ဆင်းရွှေကြာ(၂) နေကြာမျိုး(၁၀)ဧက၊ စုစုပေါင်း(၁၁)ဧကကိုစက်တင်ဘာလ ၂၇ ရက်နေ့တွင် စတင်စိုက်ပျိုးခဲ့ခြင်းဖြစ်ပြီး ရက်ပေါင်း(၉၀)သက်တမ်းရှိပါက ရိတ်သိမ်းနိုင်မည်ဖြစ်ကြောင်း ခရိုင်ဦးစီးမှူးဦးလှမိုးကျော်ထံမှ သိရသည်။
ယခုစိုက်ပျိုးသောကာလမှာ ဆောင်ရာသီဖြစ်၍ နေကြာပင်များ ရေပြတ်လပ်မှုမရှိစေရန် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ထောက်ပံ့သည့် ဆိုလာရေးပေးဝေရေးစနစ်ကို အသုံးပြုပြီး စိုက်ပျိုးရေးဦးစီးဌာနမှ အခမဲ့ထောက်ပံ့သော နေကြာမျိုးစေ့ကိုဒေသတွင်း စာသုံးဆီဖူလုံရေးအတွက် စိုက်ပျိုးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ပန်လုံပြန်/ဆက်