တွံတေး ဒီဇင်ဘာ ၈
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်တွင် ပညာရေးစစ်ကြောင်းလှုပ်ရှားမှုအနေဖြင့် မြို့နယ်အခြေခံပညာဦးစီးဌာနနှင့် ရန်ကုန်တောင်ပိုင်းခရိုင် လူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ဥပဒေအသိပညာပေး ဟောပြောပွဲကို ယမန်နေ့ နံနက် ၁၀ နာရီ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၊ ပညာရတနာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မြို့နယ်အခြေခံပညာဦးစီးဌာနမှ မြို့နယ်ပညာရေးမှူး ဆရာမကြီး ဒေါ်ခင်မြချိုမှ ကလေးသူငယ်အခွင့်အရေးဆိုင်ရာဥပဒေ အသိပညာပေးဟောပြောပွဲ ကျင်းပရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး ရန်ကုန်တောင်ပိုင်းခရိုင်၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီအရာရှိ ဒေါ်ဆွေဆွေဦးက ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ဥပဒေအကြောင်း ရှင်းလင်းပြောကြားရာတွင် မြန်မာနိုင်ငံအနေဖြင့် ကလေးသူငယ် အခွင့်အရေးများ ဆိုင်ရာကုလသမဂ္ဂသဘောတူစာချုပ် (UNVRC) ကို ၁၉၉၁ ခုနှစ်တွင် ပါဝင်လက်မှတ်ရေးထိုးခဲ့ပြီး အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံ ဖြစ်လာကြောင်း ၁၉၉၃ ခုနှစ်မှာ ကလေးသူငယ်ဥပဒေနှင့် ၂၀၀၁ ခုနှစ် ကလေးသူငယ်များ၊ နည်းဥပဒေများကို ပြဌာန်းပြီး ကလေးသူငယ်များ၏ အခွင့်အရေး (၄) ရပ်ဖြစ်တဲ့၊ အသက်ရှင်သန်ခွင့် (Survival)၊ ဖွံ့ဖြိုးတိုးတက်ခွင့် (Development)၊ အကာအကွယ်ရရှိခွင့် (Protection)နှင့် ပါဝင်ဆောင်ရွက်ခွင့်(Participation)စသည်တို့ကို အပြည့်အဝရရှိစေရန် ကာကွယ်စောင့်ရှောက် ပေးလျက်ရှိကြောင်း၊ ကလေးသူငယ်များအား (CRC)ပါ အခွင့်အရေး (၄) ရပ်ရရှိရန်နှင့် ကလေးများအား အကြမ်းဖက်ခြင်း၊ လွဲမှားစွာ ပြုကျင့်ခြင်း၊ လျစ်လျူရှုခြင်း၊ ခေါင်ပုံဖြတ်ခြင်းဆိုတဲ့ ဖွံ့ဖြိုးတိုးတက်ရေးကို အဟန့်အတားဖြစ်စေသော လုပ်ရပ်များကို ကာကွယ်တားဆီး ပေးရန်လိုအပ်ပါကြောင်း၊ မြန်မာနိုင်ငံမှာ ကလေးသူငယ်အခွင့်အရေးများ ဆိုင်ရာဥပဒေကို အဆင့်ဆင့်ပြင်ဆင် ပြဌာန်းခဲ့ပါကြောင်း ပြောကြားခဲ့သည်။
ထို့နောက် တက်ရောက်လာကြသော ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များ မေးမြန်းရာ တာဝန်ရှိသူကပြန်လည်း ဖြေကြား ခဲ့ကြကြောင်း သိရသည်။ ဒီဇင်ဘာ(၈)ရက်နေ့တွင်လည်း ကန်ဘဲ့ကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်း (ကန်ဘဲ့)၌ ပညာရေး စစ်ကြောင်းမှ ဆက်လက်ကျင်းသွားမည်ဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
တွံတေးသား