ဇေယျာသီရိမြို့နယ်လုံးဆိုင်ရာ ဒုတိယအကြိမ် အသံမစဲမဟာပဋ္ဌာန်းမြတ်ရွတ်ဖတ်ပူဇော်ပွဲ အောင်ပွဲအခမ်းအနားကျင်းပ

ဇေယျာသီရိ ဒီဇင်ဘာ ၈

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်လုံးဆိုင်ရာ ဒုတိယအကြိမ်မြောက် အသံမစဲမဟာပဋ္ဌာန်းမြတ် ရွတ်ဖတ်ပူဇော်ပွဲ အောင်ပွဲအခမ်းအနားကို  ကျောက်ချက်ကျေးရွာအုပ်စု၊ ကျောက်ချက်ကျေးရွာရှိ ဓမ္မသုခလယ်ပြင်ကျောင်းတိုက် ဓမ္မာရုံ၌ ယမန်နေ့မွန်းလွဲပိုင်းက ကျင်းပခဲ့သည်။

အခမ်းအနားသို့ မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဘဒ္ဒန္တဝိစိတ္တသာရ၊ မြို့နယ်သံဃနာယကအဖွဲ့ အကျိုးတော်ဆောင်၊ စည်ပင်ရွာဦးကျောင်းတိုက် ပဓာနနာယက၊ ဘဒ္ဒန္တဣန္ဒာစက္ကနှင့် ပင့်သံဃာတော်များ၊ နေပြည်တော်ကောင်စီဝင်များဖြစ်သည့်  ဦးဇေယျာလင်းနှင့် ဦးမြင့်စိုး၊ နေပြည်တော်တိုင်းသာသနာရေးမှူး ဦးဆန်းထွန်းအောင်၊ ဇေယျာသီရိခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီးဇေယျာမင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇေထက်အောင်နှင့် အဖွဲ့ဝင်ဦးကြည်နိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန် ရှိသူများတက်ရောက်ခဲ့ကြပြီး အခမ်းအနားတွင် တက်ရောက်လာသူများက နမောတဿ သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ အခမ်းအနားကိုဖွင့်လှစ်ခဲ့ပြီး  ဘဒ္ဒန္တဣန္ဒာစက္ကမထေရ်မြတ်ထံမှ ပရိတ်သတ်များက ငါးပါးသီလ ခံယူဆောက်တည်ခြင်း၊ ဆရာတော်သံဃာတော်များထံမှ ပရိတ်တရားတော်များ နာယူကြည်ညိုခြင်း၊ နေပြည်တော်ကောင်စီ အဖွဲ့ဝင် ဦးမြင့်စိုးမှ သာသနာတော်ဆိုင်ရာကိစ္စရပ်များ လျှောက်ထားခဲ့ပြီး  ဆရာတော်သံဃာတော်များအား လှူဖွယ်ဝတ္ထု ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့သည်။ ယင်းနောက် ဘဒ္ဒန္တဣန္ဒာစက္ကမထေရ်မြတ်ထံမှ အနုမောဒနာတရားနာကြား၍ ရေစက်သွန်းလောင်း အမျှပေးဝေခြင်း၊ နတ်ဗြဟ္မာများအား ပြန်လည်ပို့ဆောင်ခြင်းများပြုလုပ်ခဲ့ပြီး ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။ အဆိုပါ ပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲကို ဒီဇင်ဘာလ ၃ ရက်နေ့မှ  ၇ ရက်နေ့ထိ ရွတ်ဖတ်ပူဇော်ခဲ့ကြောင်း သိရသည်။

ထွန်းလင်း(ဇေယျာမြေ)