သုံးခွမြို့၌ လူငယ်စကားဝိုင်းကျင်းပ

သုံးခွ ဒီဇင်ဘာ ၈

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ သုံးခွမြို့နယ်တွင် လူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်ရေး၊ ဗလငါးတန်ပြည့်စုံစေရေး၊ အသိပညာဗဟုသုတရရှိစေရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းကို ယမန်နေ့နံနက်(၉)နာရီအချိန်က အ.ထ.က(၁)အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ  အ.ထ.က(၁)ကျောင်းအုပ်ဆရာကြီးဦးမြင့်သိန်းက အဖွင့်အမှာစကားပြောကြားပြီးနောက် လူငယ်စကားဝိုင်းကို စတင်ကျင်းပရာ ရန်ကုန်တောင်ပိုင်းခရိုင်၊ သုံးခွမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးအရာရှိ ဒေါ်တင်တင်ထွေးကဦးဆောင်ဆွေးနွေးသူအဖြစ်ဆောင်ရွက်ပြီး Grade 11 မှ မောင်ဗညားမောင်က လူငယ်နှင့်စာပေ၊ Grade-10 မှ မစန်းသိမ့်သိမ့်သူက လူငယ်နှင့်စာရိတ္တ၊ Grade-11 မှ မယွန်းနဒီက လူငယ်နှင့်ကျန်းမာရေး၊ Grade-11 မှ မောင်ငြိမ်းပြည့်က လူငယ်နှင့်အားကစား၊ Grade-10 မှ မဆုပိုင်ပိုင်ထွဋ်က  လူငယ်နှင့်ယဉ်ကျေးမှုခေါင်းစဉ်များဖြင့် လူငယ်စကားဝိုင်းဆွေးနွေးခဲ့ကြသည်။ လူငယ်စကားဝိုင်းတွင် ကျောင်းသား၊ ကျောင်းသူစုစုပေါင်း(၁၅၀)ဦးခန့်တက်ရောက်ခဲ့ကြပြီး အဆိုပါကျောင်းသား၊ ကျောင်းသူများထဲမှ သိရှိလိုသည်များကိုမေးမြန်းခဲ့ရာ ဆွေးနွေးကြသူ ကျောင်းသား/သူလေးများက ပြန်လည်ဖြေကြားခဲ့ကြောင်း သိရသည်။

ထို့နောက် လူငယ်စကားဝိုင်းဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ သုံးခွမြို့နယ်ရုံးက ခင်းကျင်းပြသထားသော နံရံကပ်စာစောင်၊ ဓာတ်ပုံပြပွဲနှင့် စာအုပ်ပြပွဲအားတက်ရောက်လာကြသော ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်းသိရသည်။

စည်သူလင်း ပြန်/ဆက်