ကျောက်ဆည် ဒီဇင်ဘာ ၇
လူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်စေရေး ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် နည်းပညာတက္ကသိုလ် (ကျောက်ဆည်) တို့ပူးပေါင်းပြီး လူငယ်စကားဝိုင်းကို ယနေ့မွန်လွဲ (၁) နာရီခွဲက အဆိုပါနည်းပညာတက္ကသိုလ်ရှိ အောင်ဆန်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရရှိသည်။
ရှေးဦးစွာ နည်းပညာတက္ကသိုလ် (ကျောက်ဆည်) မှ ပါမောက္ခချုပ် ဒေါက်တာခင်မောင်ချင်းက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်တင်တင်ထွေးက လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးအတွက် လူငယ်နှင့် အားကစား၊ လူငယ်နှင့်ပညာရေး၊ လူငယ်နှင့်စာရိတ္တ စသည့်ခေါင်းစဉ်များဖြင့် လူငယ်များအား အတွေးအခေါ်စွမ်းရည်များ ပြည့်ဝစေပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက် တတ်စေရန် အတွက် လူငယ်စကားဝိုင်းများ ကျင်းပပြုလုပ်ပေးလျက်ရှိကြောင်း စကားဝိုင်း၏ ကျင်းပရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်ပြီး လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်တင်ထွေးက ဦးဆောင်ပြီး လူငယ်စကားဝိုင်းကို ဆက်လက်ပြုလုပ်ခဲ့ရာ နည်းပညာတက္ကသိုလ် (ကျောက်ဆည်) မှ မောင်သျှင်မိဝေကို၊ မောင်ရဲဝင်းဇော်၊ မယမင်းသက်ထားနှင့်မဇင်ငြိမ်းမြတ်သူဆွေတို့က လူငယ်နှင့်အားကစား၊ လူငယ်နှင့်စာရိတ္တ၊ လူငယ်နှင့် မူးယစ်ဆေးဝါး၊ စသည့် ခေါင်းစဉ်များဖြင့်လည်းကောင်း၊ မောင်လင်းလင်း၊ မမေမြတ်နိုး၊ မလင်းလက်မေ၊ မအေးပပအောင် နှင့်မမျိုးမြတ်သူတို့က လူငယ်နှင့်ပရဟိတခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီး ဆွေးနွေးခဲ့ပြီး လူငယ်စကားဝိုင်းသို့ တက်ရောက်လာကြသည့် ကျောင်းသား/ ကျောင်းသူများက သိရှိလို သည်များကို ပြန်လည်မေးမြန်း ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။
ထို့နောက် ဒုတိယပါမောက္ခချုပ် ဒေါက်တာသင်းသင်းနွဲ့နှင့် တာဝန်ရှိသူများက အမှတ်တရလက်ဆောင် များပေးအပ်ခဲ့ကာ စကားဝိုင်းအပြီးတွင် တက်ရောက်လာကြသည့် ဆရာ/ဆရာမများနှင့် ကျောင်းသား/ ကျောင်းသူများက ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော သုတ၊ရသ စာအုပ်များအား စိတ်ပါဝင်စားစွာဖတ်ရှုလေ့လာခဲ့ကြောင်း သိရသည်။
သက်မောင်(ခရိုင်၊ပြန်/ဆက်)