မလှိုင် ဒီဇင်ဘာ ၇
မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်အတွင်း ရပ်ရွာအေးချမ်းသာယာရေး၊ ဒေသဖွံ့ဖြိုးရေး၊ နယ်မြေလုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရန် မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် သပြေပင်ကျေးရွာအုပ်စု၊ သံပုရာကန်ကျေးရွာ ဒေသခံပြည်သူများတွေ့ဆုံ ဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲပိုင်းက အဆိုပါကျေးရွာရှိ သာသနာ့ဝေပုလ္လကျောင်းတိုက်ဓမ္မာရုံ၌ ကျင်းပခဲ့ကြောင်းသိရသည်။
ရှေးဦးစွာမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်က ဒေသခံ ပြည်သူများနှင့် လာရောက်တွေ့ဆုံရသည့် ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး ပြည်သူများ အတွက်အမှန်တကယ် လိုအပ်သည့်ဒေသဖွံ့ဖြိုးရေးကိစ္စများနှင့်ပတ်သက်၍ ပွင့်ပွင့်လင်းလင်း တင်ပြ ဆွေးနွေးပေးရန်ပြောကြားခဲ့သည်။
ထို့နောက် အဖွဲ့ဝင် (၁) ဗိုလ်မှူးဌေးသန်းက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ဆောင်ရွက်နေ သည့် ရှေ့လုပ်ငန်းစဉ် (၅) ရပ်၊ ဦးတည်ချက် (၉) ရပ်နှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ယင်းနောက် တွေ့ဆုံပွဲသို့တက်ရောက်လာသော ဒေသခံပြည်သူ (၆) ဦးတို့မှ ဒေသဖွံ့ဖြိုးရေးအတွက် အမှန်တကယ်လိုအပ်သည့် လမ်းရရှိရေးကဏ္ဍ (၂) ခု၊ ကျန်းမာရေးကဏ္ဍ (၁) ခု၊ ဆည်မြောင်းကဏ္ဍ (၂) ခု၊ ပညာရေးကဏ္ဍ (၁) ခုစုစုပေါင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းအတွက် လိုအပ်သည့် လုပ်ငန်း (၆) ခုအား ဆောင်ရွက်ပေးစေလိုကြောင်း တင်ပြချက်များအပေါ် သက်ဆိုင်ရာဌာနများမှ ကဏ္ဍအလိုက် ပြန်လည်ရှင်းလင်း ဖြေကြားဆောင်ရွက်ပေးခဲ့သည်။ ထို့နောက် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန (မြို့နယ်ဦးစီးမှူးရုံး) မှ နိုင်ငံသားစိစစ်ရေးကတ်အသစ် (၅) ဦး ပြုလုပ်ပေးခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ကာယကံရှင်များထံသို့ ပေးအပ်ခဲ့သည်။
ဆက်လက်၍ အခမ်းအနား တက်ရောက်လာသူ ဒေသခံပြည်သူ (၂၀၀) ဦးအနက် (၁၄၅) ဦးတို့အား မြို့နယ် ကျန်းမာရေးဦးစီးဌာနမှ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Booster) ထပ်ဆောင်း ကာကွယ် ဆေးများ ထိုးနှံပေးခဲ့ကြောင်း သိရသည်။
အောင်ဌေး(မလှိုင်)