မိတ္ထီလာမြို့နယ်တွင် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုရပ်တန့်ရေး (၁၆) ရက်တာလှုပ်ရှားမှု အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲကျင်းပ

မိတ္ထီလာ ဒီဇင်ဘာ ၇

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်တွင် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုရပ်တန့်ရေး (၁၆) ရက်တာ လှုပ်ရှားမှုအထိမ်းအမှတ် အသိပညာပေးဟောပြောပွဲကို ယမန့်နေ့နံနက်က ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်းတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မိတ္ထီလာမြို့နယ် အမျိုးသမီးရေးရာအဖွဲ့မှ အဖွဲ့ဝင် ဒေါ်တင်တင်မြင့်က အမျိုးသမီးများ ရိုးရာယဉ်ကျေးမှုကို ထိခိုက်စေနိုင်သည့် သရုပ်ပျက်ဝတ်စားဆင်ယင်မှုများ မပြုလုပ်ကြရန်၊ အချိန် အခါမဲ့ သွားလာခြင်းမပြုလုပ်ကြရန်၊ မိမိကိုယ်မိမိ တန်ဖိုးထားရန်နှင့် ရိုးရာယဉ်ကျေးမှုကို ထိန်းသိမ်းစောင့်ရှောက်ရန် စသည့်တို့ကို ဟောပြောခဲ့ပြီး မိတ္ထီလာမြို့နယ် ဥပဒေရုံးမှ ဒုတိယမြို့နယ် ဥပဒေအရာရှိ ဒေါ်ဇာနည်မိုးက အမျိုးသမီးများအား ကာအိန္ဒြေပျက်ပြားစေသည့် ဖြစ်စဉ်များအပေါ် အရေးယူဆောင်ရွက်နိုင်သည့် ရာဇသတ်ကြီးဥပဒေဆိုင်ရာ သိကောင်းစရာများ၊ တစ်လင်တစ်မယား ဥပဒေဆိုင်ရာ သိကောင်းစရာများကို ဟောပြောခဲ့သည်။

ယင်းနောက် အမှတ် (၁) လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စိတ် (မိတ္ထီလာ) မှ ဒုရဲမှူး သိန်းထိုက်အေးက ပြည်တွင်း/ပြည်ပသို့ ပို့ဆောင်ကျူးလွန်လျက်ရှိသည့် လူကုန်ကူးမှုဆိုင်ရာ သိကောင်းစရာများ၊ လူကုန်ကူးမှုနှင့် လူမှောင်ခိုမှုတို့၏ ခြားနားချက်များ၊ ရွှေ့ပြောင်းသွားလာခြင်းမှ လူကုန်ကူးမှု ဖြစ်ပေါ်လာပုံ၊ ပြည်ပအလုပ်အကိုင်ဆိုင်ရာ သိကောင်းစရာများနှင့် အသစ်ပြဌာန်း ထားသော လူကုန်ကူးမှု တားဆီးနှိမ်းနင်းရေး ဥပဒေပါ ပြစ်မှုနှင့် ပြစ်ဒဏ်များအကြောင်းတို့ကို ဟောပြောခဲ့ပြီး တပ်ဖွဲ့ဝင်များက ၎င်းအသိပညာပေးဟောပြောပွဲသို့ တက်ရောက်လာကြသူများအား လူကုန်ကူးမှုအသိပညာပေး လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

သိန်းမြင့်ကျော်(မိတ္ထီလာ)