မိတ္ထီလာ ဒီဇင်ဘာ ၇
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်တွင် မြို့နယ်လုံးဆိုင်ရာ သုံးထပ် သာသနာ့ဗိမာန်တော်ကြီးတည်ဆောက်နိုင်ရေး ပန္နက်တော်တင်မင်္ဂလာနှင့် အလှူငွေပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် ၇ နာရီအချိန်က ကျီးတော်ကုန်းရပ်ကွက်၊ နည်မြေ(၈)၊ ဝမ်းတော်ပြည့်တိုးချဲ့ရပ်ရှိ အဆိုပါ သုံးထပ်သာသနာ့ ဗိမာန်တော်ကြီး တည်ဆောက်မည့်နေရာတွင် ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ အခမ်းအနားကို “နမောတဿ” သုံးကြိမ်ရွတ်ဆို ဖွင့်လှစ်ပြီး ပဌမကျော်ဓမ္မစရိယကျောင်းတိုက် ဦးစီးပဓါန နာယက၊ နိုင်ငံတော်သံဃဝန်ဆောင် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တသီလာစာရထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြသည်။ ၎င်းနောက် နိုင်ငံတော်သြဝါဒါစရိယ၊ အဘိဓဇအဂ္ဂမဟာ သဒ္ဒမ္မ ဇောတိက ဘဒ္ဒန္တလာဘာဝတနှင့် သံဃာတော်အရှင်သူမြတ်တို့က မင်္ဂလာသုတ်နှင့် မေတ္တာသုတ်မျာ ရွတ်ပွားသရဇ္ဈာယ်ခဲ့ရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်ဇော် ဦးနှင့် တာဝန်ရှိသူများက ဆရာတော်ကြီးများထံ ရတနာပန္နက်တော်နှင့် လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းခဲ့သည်။ ယင်းနောက် မြို့နယ်လုံးဆိုင်ရာ သုံးထပ်သာသနာ့ဗိမာန်တော်ကြီး တည် ဆောက်နိုင်ရေးအတွက် အလှူရှင်များက အလှူငွေများ ပေးအပ်လှူဒါန်းရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်ဇော်ဦးက လက်ခံခဲ့ပြီး နိုင်ငံတော်သြဝါဒါစရိယ၊ အဘိဓဇအဂ္ဂမဟာသဒ္ဒမ္မ ဇောတိကဘဒ္ဒန္တလာဘာဝတထံမှ ရေစက်ချ အနုမောဒနာ တရားတော်များ နာယူကြည်ညိုခဲ့ကြသည်။
ဆက်လက်၍ မြို့နယ်လုံးဆိုင်ရာ သုံးထပ် သာသနာ့ဗိမာန်တော်ကြီး တည်ဆောက်နိုင်ရေး ပန္နက်တော်တင်မင်္ဂလာအခမ်းအနားကို ကျင်းပရာ ပန္နက်တော်များ တင်လှူပူမည့်သတ်မှတ်နေရာများတွင် နိုင်ငံတော်သြဝါဒါစရိယ၊ အဘိဓဇအဂ္ဂမဟာသဒ္ဒမ္မ ဇောတိက ဘဒ္ဒန္တလာဘာဝတနှင့် သံဃာတော်များ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်ဇော်ဦး၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်အောင်လေးနှင့် တာဝန်ရှိသူများက အရှေ့မြောက်အရပ်မှ စ၍လက်ျားရစ် ရတနာပန္နက်တော်များ တင်လှူပူဇော်ခဲ့ကြပြီး သံဃာတော်များက “ဇယန္တေဗောဓိ ယာမူလေ”အစချီဇယ မင်္ဂလာအောင်ဂါထာများကို ရွတ်ပွားသရဇ္ဈာယ်ခဲ့ကြကြောင်း သိရသည်။
အဆိုပါ မြို့နယ်လုံးဆိုင်ရာ သုံးထပ်သာသနာ့ ဗိမာန်တော်ကြီးကို အလှူရှင်များစုပေါင်း၍အလျား ၁၇၅ပေ အနံ ပေ ၇၀ရှိ 3-Storeyed R.C.C Monastery Building ကို ဆောက်လုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)