မြောက်ဥက္ကလာပမြို့နယ် ကြက်ခြေနီအသင်းခွဲမှ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲဆောင်ရွက်

မြောက်ဥက္ကလာပ ဒီဇင်ဘာ ၇

နိုင်ငံတစ်ဝန်းကျရောက်လာမည့် သဘာဝဘေးအန္တရာယ်အမျိုးမျိုးကို ကြိုတင်ကာကွယ်နိုင်ရန်၊ လျော့ကျနိုင်ရန်နှင့် ကာကွယ်တုန့်ပြန်နိုင်စေရန် ရည်ရွယ်၍ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နံနက် ၉ နာရီက ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်၊ (ည)ရပ်ကွက် ဓမ္မာရုံနှင့် ညနေ ၄ နာရီတွင် (ဌ)ရပ်ကွက်ဓမ္မာရုံ၌ ဆောင်ရွက်ခဲ့သည်။

အဆိုပါဟောပြောပွဲတွင် မြို့နယ်ကြက်ခြေနီအသင်းခွဲဥက္ကဋ္ဌ ဦးမြသန်းက ယခုလိုဟောပြောပွဲများကို မြန်မာနိုင်ငံကြက်ခြေနီအသင်းဌာနချုပ်မှ တာဝန်ရှိသူများနှင့် မြို့နယ်ကြက်ခြေနီအသင်းခွဲတို့ ပူပေါင်း၍ဆောင်ရွက်ခြင်းဖြစ်ပြီး မြို့နယ်အတွင်းရှိ စီမံချက်ပါ ရပ်ကွက်များကို အဓိကထား၍ မီးဘေး၊ ရေဘေး၊လေဘေး၊  မုန်တိုင်းဘေးစသည့် သဘာဝဘေးအန္တရာယ်ကျရောက်လာပါက ရှောင်ရန်/ ဆောင်ရန်များကို ဟောပြောခဲ့ပြီး အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ဆက်လက်၍ မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ သဘာဝဘေးအန္တရာယ်အမျိုးအစားများကို မေးမြန်းရာ တက်ရောက်လာသူပြည်သူများမှ ပြန်လည်ဖြေဆိုခဲ့ကြောင်း သိရသည်။

မြမြဝင်း(ပြန်/ဆက်)