မော်လမြိုင်မြို့နယ်၊ အမှတ်(၇)အခြေခံပညာအထက်တန်းကျောင်းတွင် လူကုန်ကူးမှုအန္တရာယ်အကြောင်း အသိပညာပေးဟောပြောပွဲကျင်းပ

မော်လမြိုင်     ဒီဇင်ဘာ ၇

မော်လမြိုင်မြို့နယ်၊ လူမှု၀န်ထမ်းဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ အမှတ်(၇)အခြေခံပညာအထက်တန်းကျောင်း၌ လူကုန်ကူးမှုအန္တရာယ်အကြောင်းအသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းက ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

ဟောပြောပွဲတွင် လူမှု၀န်ထမ်းဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်၀င်း၀င်းမာက လူကုန်ကူးမှုဖြစ်ပွားစေသော အဓိကအကြောင်းအရင်းများ၊ လူကုန်ကူးသူများ အသုံးပြုသည့်နည်းလမ်းများ၊ လူကုန်ကူးသူများ အဓိကပစ်မှတ်ထားသည့်နေရာများ၊ လူကုန်ကူးခြင်းခံရနိုင်သူများ၏အခြေအနေ၊ လူကုန်ကူးခြင်းခံရသူတွေအနေနဲ့ ဖြစ်ပေါ်လာနိုင်သည့် နောက်ဆက်တွဲဆိုးကျိုးများ၊ လူကုန်ကူးမှုကျူးလွန်သူများ၏ ပြစ်မှု၊ပြစ်ဒဏ်များနှင့် လူကုန်ကူးခြင်းခံရမှုများ လျော့နည်းပပျောက်သွားအောင် ဆောင်ရွက်သင့်သည့်အချက်များစသည့် အကြောင်းအရာများအား အကျယ်တဝင့် ဆွေးနွေးခဲ့ကြသည်။

ထို့နောက် ဟောပြောပွဲသို့ တက်ရောက်ခဲ့ကြသည့် ကျောင်းသား/သူများက သိရှိလိုသည်များကို‌ မေးမြန်းခဲ့ကြရာ တာ၀န်ရှိသူများက ပြန်လည်ဖြေကြားပေးခဲ့ကြောင်း သိရှိရသည်။

ခင်စန်းမြင့်ခရိုင် (ပြန်/ဆက်)