ခိုလမ် ဒီဇင်ဘာ ၇
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ခိုလမ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား/ကျောင်းသူများအား ယနေ့နံနက်(၁၀:၀၀) နာရီအချိန်က အခြေခံပညာမူလတန်း(လွန်)ကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထို့သို့ ဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား/ ကျောင်းသူများ စာဖတ်သည့် အလေ့ကျင့်ကောင်းများ ရရှိစေရန်၊ အသိပညာဗဟုသုတရရှိစေရန် နှင့် စာကြည့်တိုက်ကို အသုံးချတက်စေရန် ရည်ရွယ်၍ Mobile Library စနစ်ဖြင့် နယ်လှည့်စာကြည့်တိုက် ဆောင်ရွက်ရခြင်းဖြစ်ကြောင်း သိရသည်။ အဆိုပါဆောင်ရွက်မှုတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ဖြူဖြူသော်မှ ကျောင်းသား/ကျောင်းသူများအား စာဖတ်ခြင်းမှရရှိသော အကျိုးကျေးဇူးများ၊ အသိပညာဗဟုသုတဆိုင်ရာ အကြောင်းအရာများကို ဟောပြောပေးခဲ့ပြီး၊ အငယ်တန်းစာရေး ဒေါ်ပန်းအင်ကြင်းက တေဇရုပ်စုံ ရုပ်ပြစာအုပ်မှ “ခွန်အား” ပုံပြင်စာအုပ်ဖြင့် ပုံပြင်ကို ပြောကြားပေးခဲ့ပြီး တက်ရောက်လာကြသည့် ကျောင်းသား/ကျောင်းသူများက စိတ်ပါဝင်စားစွာ နားထောင်ခဲ့ကြကြောင်း သိရှိရသည်။ တက်ရောက်လာကြသည့် ဆရာ/ဆရာမနှင့် ကျောင်းသား/ကျောင်းသူ စုစုပေါင်း အင်အားမှာ (၆၀) ဦးခန့်ရှိပါသည်။
ထို့နောက် ကျောင်းသား/ကျောင်းသူများကို သုတ၊ ရသစာအုပ်များ ဖတ်ရှု့စေပြီး မိမိတို့ကြိုက်နှစ်သက်သည့် စာအုပ်များ အခမဲ့ငှားရမ်းပေးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
နေလင်းထွန်း(ခိုလမ်)