မူဆယ်မြို့ အခြေခံပညာအထက်တန်းကျောင်းတွင် အသိပညာပေးဟောပြောခြင်းပြုလုပ်

မူဆယ် ဒီဇင်ဘာ ၇

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မူဆယ်မြို့ အ.ထ.က(၁)ကျောင်းခန်းမ၌ ယနေ့ နံနက် (၁၀)နာရီအချိန်က လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး၊ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးနှင့် လူမှု ဝန်ထမ်းဦးစီးဌာနတို့မှ ပူးပေါင်း၍ အသိပညာပေးဟောပြောပွဲ ပြုလုပ်ခဲ့သည်။

အဆိုပါ ဟောပြောပွဲတွင် လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စုမှ ဒုရဲမှူးဦးလှထွန်းဦးက ကျောင်သူ/သားများ လူကုန်ကူးမှုမခံရအောင် ကြိုတင်ကာကွယ်ဖို့ ဗဟုသုတများ ရှင်းလင်းပြောပြခြင်း၊ လူကုန်ကူးခံရလျှင် ဖြစ်လာမည့် နောက်ဆက်တွဲဆိုးကျိုးများ၊ ကမ္ဘာပေါ်တွင် နေ့စဉ်လူကုန်ကူးမှုဖြစ် ပေါ်လျက်ရှိသော အကြောင်းအရာများ၊ ထိုသို့မဖြစ်ဖို့ရန် အချိန်မီကြိုတင်ကာကွယ်နိုင်ရန် ကျောင်းသူ/ သားများအား ဟောပြောခဲ့သည်။ ဆက်လက်ပြီး လူမှုဝန်ထမ်းဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး  ဒေါ်တင်တင်စိန်ကလည်း ကလေးသူငယ်ဆိုင်ရာ အခွင့်အရေးဆိုင်ရာဖြစ်သည့် အသက်ရှင်သန်ခွင့်၊ ကာကွယ်စောင့်ရှောက်ခွင့်၊ ဖွံ့ဖြိုးတိုးတက်ခွင့်နှင့် ပါဝင်ဆောင်ရွက်ခွင့်အကြောင်းများ၊ CRC ကလေးသူငယ်ဆိုင်ရာ အကြောင်းအရာများနှင့် ကလေးသူငယ်များအား စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ဖြစ်စေသည့် အကြောင်းအရာများအား ဟောပြောခဲ့သည်။ ယင်းအပြင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးမှ ရဲအုပ်ဇော်ညီညီလှိုင်ကလည်း မူးယစ်ဆေးဝါးကြောင့် ဖြစ်ပေါ်လာနိုင်သည့် နောက်ဆက်တွဲ အကျိုးဆက်များ အကြောင်းအရာများ၊ မူးယစ်ဆေးဝါးကို ကျောင်းသူ/သားများ မသုံးစွဲသင့်ကြောင်း၊ မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့် ခံရမည့် ပြစ်ဒဏ်အကြောင်းအရာများကို ဟောပြောခဲ့ကြောင်း သိရသည်။

ယင်းဟောပြောပွဲကို အ.ထ.က(၁)ကျောင်းမှ ကျောင်းဆရာ/မကြီးများအပါအဝင် ကျောင်းသူ/ သား(၂၀၀)ဦးတက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

ချယ်ရီမြေ(မူဆယ်)