သံဖြူဇရပ်မြို့နယ်၊ ဝယ်သွန်ချောင်ကျေးရွာ၊ မူလတန်းလွန်ကျောင်း၌ လူငယ်အသိပညာပေး ဟောပြောပွဲ ပြုလုပ်

သံဖြူဇရပ်   ဒီဇင်ဘာ  ၇

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ်၌ လူငယ်အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၉ နာရီအချိန်က ဝယ်သွန်ချောင်ကျေးရွာ မူလတန်းလွန်ကျောင်း၌ ကျင်းပပြုလုပ်သည်။

ဟောပြောပွဲတွင် ကျောင်းအုပ်ဆရာမကြီးဒေါ်နွယ်နွယ်မွန်က ကျောင်းသူ၊ ကျောင်းသားများအနေဖြင့် ကျောင်းနေအရွယ်ကလေးအားလုံး အတန်းပညာကိုဆုံးခန်းတိုင်အောင်သင်ယူကြစေရေး ပြောကြားသည်။

ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဒေါ်အေးအေးသီက လူငယ်အသိပညာပေးဟောပြောရာတွင် စာဖတ်ရှိန်မြှင့်တင်ရေးအနေဖြင့် ကျောင်းသူ/ကျောင်းသားများ အတွေးအခေါ်မြင့်မားစေရေး ကျောင်းစာအပြင် ဗဟုသုတရစေမည့် သုတ/ရသစာပေများကိုပါ ဖတ်ရှုကြစေရေးနှင့် စာဖတ်ခြင်း၏အကျိုးကျေးဇူးကိုပြောကြားပြီး လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေး ဆိုင်ရာအကြောင်းအရာများဖြစ်သည့် လူကုန်ကူးမှုဆိုသည်မှာ လူတစ်ဦးဦးသည် အခြားသူတစ်ဦးတစ်ယောက်ကို ခေါင်းဖုံဖြတ်ရန်အတွက် ခြိမ်းခြောက်ခြင်း၊ သွေးဆောင်ခြင်း၊ လိမ်လည်ခြင်း၊ လှည့်ဖြားခြင်းစသည့် အကြောင်းအရာများပြုလုပ်ပြီး ပြည့်တန်ဆာစေခိုင်းခြင်း၊ အဓမ္မခိုင်းစေခြင်း၊ ခန္ဓာကိုယ်အစိတ်အပိုင်းအား ထုတ်ယူဖယ်ရှား၍ ရောင်းစားခြင်းစသည်တို့ကို ပြုလုပ်ခြင်း၊ အသက်အရွယ်မရွေးလူကုန်ကူမှုဖြစ်ပွားနိုင်သဖြင့် လူကုန်ကူးမှုမခံရစေရေး သတိကြီးစွာဖြင့်နေထိုင်ကြရမည်ဖြစ်ပြီး လူကုန်ကူးမှုအန္တရာယ်မှကင်းဝေးစေရေးအတွက် ကျောင်းသား/ ကျောင်းသူများမှ သတိကြီးစွာ သွားလာနေထိုင်ကြစေရေး ပြောကြားသည်။

ဆက်လက်၍ ကျောင်းသား/ကျောင်းသူများအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် လူကုန်ကူးမှုအန္တရာယ်ဆိုင်ရာအသိပညာပေး အကြောင်းအရာများ၊ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အကြောင်းအရာများ၊ ယာဉ်စည်းကမ်းလမ်းစည်းကမ်းအသိပညာပေး အကြောင်းအရာများနှင့် မူးယစ်ဆေးဝါးအန္တရာယ်ဆိုင်ရာ ပိုစတာများကိုကျောင်းသား/ကျောင်းသူများမှ စိတ်ပါဝင်စားစွာကြည့်ရှုလေ့လာကြကြောင်းနှင့် ကျောင်းသား/ကျောင်းသူများအား စာဖတ်စွမ်း ရည်ပြိုင်ပွဲများပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

မိုးစည်သူ(သံဖြူဇရပ်)