ကျောက်ဖြူခရိုင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီ၊ ခရိုင်အမျိုးသမီးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် CEDAW, GENDER, NSPAW  အသိပညာပေး ဆွေးနွေးပွဲအခမ်း အနားပြုလုပ်

ကျောက်ဖြူ   ဒီဇင်ဘာ  ၇

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၌ ခရိုင်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီ၊ ခရိုင်အမျိုးသမီးကော်မတီလုပ်ငန်းညှိနှိုင်းအစည်း အဝေးနှင့်  CEDAW, GENDER,  NSPAW  အသိပညာပေးဆွေးနွေးပွဲအခမ်းအနားကို ယမန်နေ့နံနက် (၁၀)နာရီက ကျောက်ဖြူခရိုင် အထွေ ထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည်။

အခမ်းအနားတွင်ခရိုင်ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကော်မတီနှင့်ခရိုင်အမျိုးသမီး ကော်မတီဥက္ကဋ္ဌ၊ ကျောက်ဖြူခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ခရိုင်အုပ်ချုပ်ရေးမှူး ဦးရဲလင်းမောင်က ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေကို (၂၃-၇-၂၀၁၉)ရက်နေ့တွင် ပြဌာန်းခဲ့ပါကြောင်း၊ ကလေးသူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံကျန်းမာရေး၊ အဟာရပြည့်ဝရေး၊ ပညာသင်ယူမှုအခွင့်အလမ်းများရရှိရေးအပါအဝင် လိုအပ်သောအစီအမံများချမှတ်ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ကလေးသူငယ်မှုခင်းကို သီးခြားစစ်ဆေးစီရင်၍ ပြစ်မှုကျူးလွန်သည့် ကလေးသူငယ်၏ အကျင့်စာရိတ္တပြုပြင်ရေးကို ဦးတည်ဆောင်ရွက်ရန်နှင့် ကလေးသူငယ်များကို တည်ဆဲဥပဒေအရ သတ်မှတ်ထားသော သက်ဆိုင်ရာအခွင့်အရေးနှင့်အကာအကွယ်တို့ တန်းတူမျှ တမှုရရှိစေပြီး ခွဲခြားဆက်ဆံခြင်းမပြုစေရ စသည်တို့ကို ရည်ရွယ်ပြဌာန်းထားပါကြောင်း၊ ကလေးသူငယ်များ၏အခွင့်အရေး(၄)ရပ်ရှိကြောင်းနှင့် အမျိုးသမီးများအကြမ်းဖက်ခံရမှုမှ ကာကွယ်ရေးတို့ကို ပူးပေါင်းပါဝင်ဆောင်ရွက်ပေးစေလိုပါကြောင်း အကျယ်တဝင့်ရှင်းလင်းဆွေးနွေးပြောကြားသည်။  ထို့နောက် ခရိုင်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီနှင့် ခရိုင်အမျိုးသမီး ကော်မတီဝင်များက ကလေးသူငယ်နှင့် အမျိုးသမီးကိစ္စရပ်များနှင့်ပတ်သက်၍ မိမိတို့ဌာနအလိုက် ဆောင်ရွက်ထားရှိမှုအခြေအနေများကို တင်ပြဆွေးနွေးရာ ခရိုင်အုပ်ချုပ်ရေးမှူးက တင်ပြချက်များ အပေါ် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး နိဂုံးချုပ်အမှာစကားပြောကြားခဲ့သည်။

ဆက်လက်၍ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီနှင့် ခရိုင်အမျိုးသမီး ကော်မတီအဖွဲ့ဝင်များကိုCEDAW, GENDER,  NSPAW နှင့်ဆိုင်ရာ အသိပညာပေးများအား လူမှုဝန်ထမ်းဦးစီးဌာန၊ ကျောက်ဖြူခရိုင်လူမှုဝန်ထမ်းရုံး ခရိုင်ဦးစီးမှူးမှ Power Point ဖြင့် ရှင်းလင်း ဆွေးနွေးပြသရာ ကော်မတီဝင်များမှ သိရှိလိုသည်များကို အပြန်အလှန်မေးမြန်းဆွေးနွေးခဲ့ကြောင်း သိရသည်။

တင်ထွန်းဦး၊ဖြိုးဝေလင်း(ပြန်/ဆက်)