သာစည် ဒီဇင်ဘာ ၇
မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်အတွင်း ရပ်ရွာအေးချမ်းသာယာရေး၊ ဒေသဖွံ့ဖြိုးရေး၊ နယ်မြေလုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးသက်ကျော် ဦးဆောင်၍ မြို့နယ်အဆင့်ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီး(၅)ကြောင်းနှင့် ဒေသခံပြည်သူများ တွေ့ဆုံဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီက ကြာဘက်ကုန်းကျေးရွာ ဘုန်းတော်ကြီးကျောင်း ဓမ္မရုံ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ အဆိုပါ ကျောင်းတိုက်ရှိ ဆရာတော်ထံ လူဘွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။ ထို့နောက် တွေ့ဆုံပွဲစတင်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးသက်ကျော်က ဒေသဖွံ့ဖြိုးရေးကိစ္စရပ်များနှင့် ပတ်သက်၍ ပြည်သူများအတွက် အမှန်တကယ် လိုအပ်သည့် လုပ်ငန်းလိုအပ်ချက်များကို ပွင့်ပွင့်လင်းလင်းတင်ပြဆွေးနွေးပေးရန် ပြောကြားသည်။ ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်(၁)ဗိုလ်မှူးတေဇာမြင့်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့် နယ်မြေလုံခြုံရေးဆိုင်ရာကိစ္စရပ်များ ရှင်း လင်းဆွေးနွေးသည်။ ထို့နောက် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲမှ ဦးစီးအရာရှိ ဒေါ်အိမွန်ကျော် က PR စနစ် (အချိုးကျ ကိုယ်စားပြု ) နှင့် ပတ်သတ်၍ အသေးစိတ် ရှင်းလင်းဆွေးနွေးသည်။
ထို့နောက် တွေ့ဆုံပွဲသို့ တက်ရောက်လာသော ဒေသခံပြည်သူ(၃) ဦးတို့မှ ဒေသဖွံ့ဖြိုးရေးအတွက် အမှန်တကယ်လိုအပ်သည့် ကျောင်းအဆင့် တိုးမြှင့်ရေး၊ ကျောင်းဆောင်သစ်ဆောက်လုပ်ပေးနိုင်ရေးကဏ္ဍ၊ ရွာတွင်းလမ်းမကြီး ကွန်ကရစ်လမ်းရရှိရေးကဏ္ဍ၊ ကုန်ထုတ်လမ်း ကဏ္ဍ၊ ကျေးရွာချင်းဆက်လမ်း ကဏ္ဍနှင့်ဆည်ကန်ပြုပြင်ရေးကဏ္ဍ ကိစ္စရပ်များ စုစုပေါင်းလုပ်ငန်း(၆)ခုတို့အား ဆောင်ရွက်ပေးစေလိုကြောင်း တင်ပြချက်များအပေါ် သက်ဆိုင်ရာဌာနများမှ ကဏ္ဍအလိုက် ပြန်လည်ရှင်းလင်း ဖြေကြားပေးသည်။
ထို့နောက် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန (မြို့နယ်ဦးစီးမှူးရုံး)မှ အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကဒ်ပြားဆောင်ရွက်ပေးနေမှုများ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးစောက်ရှောက်ပေးနေမှုများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဆောင်သော ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များက ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)