စမ်းချောင်း ဒီဇင်ဘာ ၇
ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် အများပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းလုပ်ငန်းကို စဉ်ဆက်မပြတ်ဆောင်ရွက်နေလျက်ရှိရာ ယမန်နေ့ နံနက်(၉)နာရီက မုန့်လုပ်ဆောင်းကုန်း/ တောင်ရပ်ကွက်၊ ဟံသာဝတီလမ်းရှိ အထက(၁)ကျောင်း စွယ်တော်ဆောင်၊ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုး Centerတွင် ဆက်လက် ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းများ ဆောင်ရွက်ရာတွင် ကျန်းမာရေး ဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ အသက်(၅)နှစ်မှ(၁၁)နှစ် အထိ ကျောင်းနေ/ ကျောင်းနေပြင်ပ ကလေး (၁၀)ဦးနှင့် အသက်(၁၈)နှစ်အထက် ပထမအကြိမ်ထိုးနှံသူ (၂၅)ဦး၊ ဒုတိယအကြိမ်ထိုးနှံသူ(၁၃၀)ဦး၊ထပ်ဆောင်းကာကွယ်ဆေးထိုးနှံသူ (၈၅)ဦး စုစုပေါင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးသူ (၂၅၀)ဦးတို့ကို ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ကာကွယ်ဆေးထိုးနှံရာနေရာတွင် မလိုလားအပ်သော ပြဿနာတစ်စုံတစ်ရာမရှိစေရေးအတွက် အလုံခရိုင် အုပ်ချုပ်ရေးမှူး စမ်းချောင်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ကြီးကြပ်၍ မြို့နယ်ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများ၊ မြို့နယ်ကြက်ခြေနီ တပ်ဖွဲ့ဝင်များ၊ စေတနာရှင် Volunteer များနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ဆေးထိုးလာသူ မိဘပြည်သူများအား ဝိုင်းဝန်းကူညီ အားပေးဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။
နီလာစိုး (ပြန်/ ဆက်)