ပုဗ္ဗသီရိ ဒီဇင်ဘာ ၇
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ် ဘဲကုန်းကျေးရွာအုပ်စု၊ ကွင်းအမှတ်၁၆၂၃(က)တွင် သီးထပ်စွမ်းအားတိုးမြှင့်ရေး စိုက်ပျိုးရေစက် ရေတွင်းအမှတ်(၆) ရေမှုတ်စမ်းသပ်ခြင်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါအခမ်းအနားသို့ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီးမင်းနောင်၊ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ အခြားဌာနဆိုင်ရာများနှင့် ဒေသခံတောင်သူများ တက်ရောက်ခဲ့ကြသည်။ ရှေးဦးစွာ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီး မင်းနောင်မှ အဖွင့်အမှာစကား ပြောကြားရာ၌ နိုင်ငံတော်အကြီးအကဲများ၏ လမ်းညွှန်ချက်ဖြစ်သည့် Green City, Clean City, Smart Cityအဖြစ် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်နှင့် သီးထပ်စွမ်းအားပြည့် (၃) သီးစိုက်ပျိုးနိုင်ရန်အတွက် မြေအောက်စက်ရေတွင်းများဖြင့် စိုက်ပျိုးရေပေးဝေနိုင်ရေး အကောင်အထည်ဖော်ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ စိုက်ပျိုးရေကို Solar System အသုံးပြု၍ ရေလေလွင့်ဆုံးရှုံးမှုမရှိစေရေးနှင့် ထိရောက်စွာ စိုက်ပျိုးရေပေးဝေနိုင်ရန်အတွက် Rain Gun ရေဖြန်းစနစ်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ စက်ရေတွင်းများ တူးဖော်ပြီးစီးပါက စက်ရေတွင်းအလိုက် ရေသုံးစွဲသူများအဖွဲ့ (WUG)များ ဖွဲ့စည်းကာ စက်ရေတွင်းနှင့် Solar system ဆက်စပ်ပစ္စည်းများကို (WUG)များထံ လွှဲအပ်သွားမည်ဖြစ်ကြောင်း၊ ရေသုံးစွဲသူတောင်သူများအနေဖြင့် စိုက်ပျိုးရေကို စနစ်တကျ ခွဲဝေရယူအသုံးချရန်နှင့် ဆက်စပ်ပစ္စည်းများ ပျက်စီးဆုံးရှုံးမှုမရှိစေရေး ဝိုင်းဝန်းထိန်းသိမ်းစောင့်ရှောက်ကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။ ဆက်လက်၍ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန တာဝန်ရှိသူတစ်ဦးမှ စိုက်ပျိုးရေရရှိရေး စက်ရေတွင်းများတူးဖော်၍ သီးထပ်စွမ်းအား မြှင့်တင်ရေးအတွက် ဆောင်ရွက်မည့်လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြခဲ့ရာ တောင်သူများကိုယ်စား တောင်သူဦးသန်းစိုးမှ ကျေးဇူးတင်စကား ပြောကြားခဲ့သည်။ ထို့နောက် နေပြည်တော်ကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီးမင်းနောင်နှင့် အဖွဲ့ဝင်များသည် စိုက်ပျိုးရေစက်ရေတွင်းအမှတ်(၆) ရေမှုတ်စမ်းသပ်ခြင်းအား ကြည့်ရှုအားပေးခဲ့ကြသည်။
အဆိုပါ သီးထပ်စွမ်းအားတိုးမြှင့်ရေး စက်ရေတွင်းများ တူးဖော်ခြင်းကို ပင်လောင်းလမ်းဘေးဝဲ/ယာတစ်လျှောက် အနက်ပေ (၃၀၀)ရှိ တွင်းပေါင်း(၈)တွင်းအား တူးဖော်သွားမည်ဖြစ်ကြောင်းနှင့် အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးပါက စက်ရေတွင်းတစ်တွင်းလျှင် စိုက်ဧက(၂၅)ဧကအား ရာသီမရွေး စိုက်ပျိုးရေပေးဝေ ရရှိစေနိုင်မည်ဖြစ်ကြောင်း သိရသည်။
သားငယ်(ပုဗ္ဗသီရိ)