ဗန်းမော် ဒီဇင်ဘာ ၇
ကချင်ပြည်နယ် ဗန်းမော်မြို့တွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြု ဗဟိုဌာန (Community Centre)ခန်းမ၌ ကျောင်းသား၊ ကျောင်းသူများအား အသိပညာ ဗဟုသုတ တိုးပွားလာစေရန်နှင့် မြန်မာနိုင်ငံ၏ နေ့ထူးနေ့မြတ်များကို သိရှိတန်ဖိုးထားထားစေရန် ရည်ရွယ်၍ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို စာအုပ်စာစောင်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယနေ့နံနက် ၉ နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ပြပွဲများဆောင်ရွက်ရာတွင် ဗန်းမော်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးအောင်ကျော်ထွန်းက ကျောင်းသားကျောင်းသူများအား မိမိနိုင်ငံ၏ နေ့ထူးနေ့မြတ်များကို သိရှိပြီး တန်ဖိုးထားတတ်စေရန်၊ မိမိနိုင်ငံကိုချစ်မြတ်နိုးတတ်စေရန် ယခုလို ပြပွဲများ ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း ပြောကြားပြီးတက်ရောက်လာသည့် မူလွန်(၃)အခြေခံပညာ မူလတန်းလွန်ကျောင်းမှ အလယ်တန်းအဆင့် (Grade-5,Grade-6) ကျောင်းသား ကျောင်းသူများက ခင်းကျင်းပြသထားသည့် စာအုပ်စာစောင်များနှင့် နံရံကပ်စာစောင်များကို စိတ်ဝင်စားစွာလေ့လာ ဖတ်ရှုကြပြီး Grade-6 မှ မောင်ကျော်သူလှိုင်က လူရှိုင်း(လူရှေ)စာပေနှင့် ယဉ်ကျေးမှုကော်မတီမှ ရေးသားပြုစုသည့် “မိုးကလေးဘယ်ကလာ” စာအုပ်ကိုလည်းကောင်း၊ မခရေပွင့်ဦးက ဘွဲကရင်စာပေ နှင့် ယဉ်ကျေးမှုကော်မတီမှ ရေးသားပြုစုသည့် “သားသမီးတွေကို ကာကွယ်ပေးတဲ့လိပ်မေမေ” စာအုပ်ကို လည်းကောင်း၊ မမြတ်ပန်းရုံက ပေါင်းညွမ်(နာဂ)စာပေနှင့် ယဉ်ကျေးမှုကော်မတီမှ ရေးသားပြုစုသည့် “ကူညီတတ်တဲ့ မနူနူ” စာအုပ်ကိုလည်းကောင်း၊ မောင်အိုက်စံက ခေါင်တူးစာပေနှင့် ယဉ်ကျေးမှုကော်မတီမှ ရေးသားပြုစုသည့် “မိတ်ဆွေသုံးဦး” စာအုပ်ကို လည်းကောင်း အသီးသီးဖတ်ကြား ဆွေးနွေး၍ စာဖတ်ဝိုင်းဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
ဗန်းမော်(ခရိုင်ပြန်/ဆက်)