မိုင်းဖြတ်မြို့နယ်၊ နမ့်ဟိုင်းကျေးရွာ၊ နမ့်ဟိုင်းချောင်း ရေစီးရေလာ ကောင်းမွန်ရေး သဲနှုန်းများ တူးဖော်ဆောင်ရွက်

မိုင်းဖြတ် ဒီဇင်ဘာ ၇

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ် ဆည်မြောင်းဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ ခွင့်ပြုရန်ပုံငွေ ကျပ် ၅၁.၄၄၅ သန်းဖြင့် မိုင်းဟဲကျေးရွာအုပ်စု၊ နမ့်ဟိုင်းချောင်းတွင် ပိတ်ဆို့နေလျက်ရှိသော သဲနှုန်းများကို ရေစီးရေလာကောင်းမွန်ရေး အတွက် တူးဖော်ဆောင်ရွက်နေလျက်ရှိကြောင်း  သိရသည်။

အဆိုပါ လုပ်ငန်းများဆောင်ရွက်နေရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီအောင်နှင့် မြို့နယ်တည်ဆောက်ရေးလုပ်ငန်း စိစစ်ရေးကော်မတီအဖွဲ့ဝင်များသည် ယမန်နေ့နံနက်ပိုင်းက ပူးပေါင်းကွင်းဆင်း ကြည့်ရှု့စိစစ်ရာ မိုင်းဟဲကျေးရွာအုပ်စု၊ နမ့်ဟိုင်းချောင်းသည် နှစ်စဉ် သဲနှုန်းများ ပိတ်ဆို့၍ ရေကြီးရေလျှံမှု ဖြစ်ပွားလျက်ရှိသဖြင့် မြို့နယ်ဆည်မြောင်းဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ ခွင့်ပြုရန်ပုံငွေ ကျပ် ၅၁.၄၄၅ သန်းဖြင့် မိုင်းဟဲကျေးရွာအုပ်စု၊ နမ့်ဟိုင်းချောင်းတွင် ရေစီးရေလာကောင်းမွန်စေရန်အတွက် အလျား  ၃၀၀၀ ပေ၊ အကျယ်  ၂၅ပေ၊ အမြင့် ၆ ပေ ရှိ ပိတ်ဆို့နေလျက်ရှိသော သဲနှုန်းများကို တူးဖော်ခြင်း၊ ချောင်းကမ်းပါးများကို ထုတ်ရိုက်ခြင်း၊ သဲအိတ်များချကာရံခြင်း လုပ်ငန်းများ ဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ ဆောင်ရွက်နေမှုအခြေအနေအား တာဝန်ရှိသူများမှ ရှင်းလင်းတင်ပြရာ မြို့နယ်အုပ်ချုပ်ရေးမှူးဦးညီညီအောင်နှင့် မြို့နယ်တည်ဆောက်ရေးလုပ်ငန်းစိစစ်ရေးကော်မတီ များက လိုအပ်ချက်များကို သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ ကြောင်းသိရသည်။

အဆိုပါ နမ့်ဟိုင်းချောင်းတွင် ပိတ်ဆို့နေသော သဲနှုန်းများကို ဖယ်ရှားတူးဖော်၍ ချောင်း ကမ်းပါးတွင် ထုတ်တန်းများရိုက်၊ သဲအိတ်များချကာရံခြင်းဖြင့် ရေစီးရေလာကောင်းမွန်ပြီး ရေကြီးရေလျှံခြင်းမှလည်း ကာကွယ်နိုင်မည်ဖြစ်ကြောင်း သိရသည်။

မြို့နယ် (ပြန် /ဆက်)