မန္တလေး၊ စက်တင်ဘာ ၂၂
မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကို အဓိကအားထားစိုက်ပျိုးသောနိုင်ငံဖြစ်ရာ ဆန်စပါးစိုက်ပျိုးခြင်းသည် အရေးကြီးသောကဏ္ဍတစ်ရပ်အဖြစ် တည်ရှိနေသည်။ မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်တွင် ဆည်တော်ကြီး/ဆည်တော်လေး ဆည်ရေသောက်စနစ်ဖြင့် စိုက်ပျိုးသောမိုးစပါးစိုက်ခင်းများ စိုက်ပျိုးပြီးစီးကာ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။
"မိုးစပါးဆိုရင် ဒီဒေသက မဂျမ်းတောပဲစိုက်တာများတယ်၊ ဇူလိုင်လလောက်မှာပျိုးထောင်ပြီး ဩဂုတ် လဆန်းပိုင်းလောက်က စတင်စိုက်ပျိုးထားတာပါ၊ ဒီဒေသမှာတော့ မိုးစပါးအားလုံး စိုက်ပျိုးပြီးနေပါပြီး၊ ဆည်ရေသောက်စနစ်ဆိုတော့ စိုက်ခင်းတွေအောင်မြင်ဖြစ်ထွန်းလျက် ရှိပါတယ်" ဟု ပုသိမ်ကြီးမြို့နယ်၊ ရွာရှည်ကျေးရွာမှ စပါးစိုက်တောင်သူတစ်ဦးက ပြောကြားသည်။
ပုဂံခေတ်မှသည် ခေတ်အဆက်ဆက်စပါးကျီဟု တင်စားခေါ်ဝေါ်ခဲ့သော ပုသိမ်ကြီးမြို့နယ်တွင် ဆည်တော်ကြီး/ဆည်တော်လေး ဆည်ရေသောက်စနစ်ဖြင့် သီးနှံများရာသီမရွေးစိုက်ပျိုးနိုင်ပြီး ဆည်ရေသောက်စနစ်ဖြင့်စိုက်ပျိုးသော မိုးစပါးစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။ မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်တွင် မိုးစပါးလျာထားစိုက်ဧက (၂၀၆၉၉) ဧကရှိကြောင်း မန္တလေးခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ စာရင်းများအရ သိရသည်။
သန်းဇော်မင်း(ပြန်/ဆက်)