ပုသိမ်ကြီးမြို့နယ်တွင် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အိမ်တွင်းလျှပ်စစ် သင်တန်းဖွင့်လှစ်

ပုသိမ်ကြီး ဒီဇင်ဘာ ၇

မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့်  အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတို့ ပူးပေါင်း၍ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အိမ်တွင်းလျှပ်စစ် သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရှိ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးသိန်းထိုက်ဦးက အဖွင့်အမှာစကားပြောကြားပြီး ပုသိမ်ကြီးမြို့နယ် လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း မန်နေဂျာ ဦးကျော်ညွန့်က လျှပ်စစ်ဆိုင်ရာများအား အသိပေးရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစန်းယုလှိုင်က သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့ပြီး၊ သင်တန်းသားများအား အိမ်တွင်းလျှပ်စစ်သင်တန်း သင်ရိုးညွှန်းစာအုပ်များကို တာဝန်ရှိသူများမှ အသီးသီး ပေးခဲ့သည်။

အဆိုပါသင်တန်းအား နှစ်ပတ်ကြာ ဖွင့်လှစ်ကာ စာတွေ့လက်တွေ့ သင်ကြားပို့ချပေးမည် ဖြစ်သည်။ သင်တန်းသို့ မြို့နယ်တွင်းရှိ ကျေးရွာများမှ သင်တန်းသား (၁၀) ဦး တက်ရောက်ခဲ့ကြပြီး ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်သည့် ကိုဗစ်ကာလ စည်းကမ်းချက်များနှင့်အညီ သင်တန်းဖွင့် လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)