လယ်ဝေးမြို့နယ်ရုံး Community Centre တွင် အိမ်တွင်းအကြမ်းဖက်မှုကာကွယ်ရေး အသိပညာပေး Talk Show ကျင်းပ

လယ်ဝေး ဒီဇင်ဘာ ၇

ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် ယမန်နေ့ညနေပိုင်းက အမျိုးသမီးများအပေါ် အကြမ်းဖက်မှုမှကာကွယ်ရေး ၁၆ ရက်တာ လှုပ်ရှားမှုအထိမ်းအမှတ် အိမ်တွင်းအကြမ်းဖက်မှုကာကွယ်ရေး အသိပညာပေး Talk Show ကျင်းပခဲ့သည်။

အဆိုပါ Talk Show တွင် လယ်ဝေးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ဝေကြည်စန်းအောင်နှင့် စာရေးဆရာမ သက်သက်နွယ် (ရန်ကုန်တက္ကသိုလ်) တို့က အိမ်တွင်းအကြမ်းဖက်မှုဆိုသည်မှာ၊ အိမ်တွင်းအကြမ်းဖက်မှုများ၏ဆိုးကျိုးများ၊ အိမ်တွင်းအကြမ်းဖက်မှု၏ဒဏ်များကို အများဆုံးခံစားရသူများနှင့် အိမ်တွင်းအကြမ်းဖက်မှုဖြစ်စဉ်များ လျော့နည်းလာစေရေး ဝိုင်းဝန်းကူညီဆောင်ရွက်သင့်သည့် အကြောင်းအရာများကို ဆွေးနွေးခဲ့ကြသည်။

လယ်ဝေးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ဒေသခံပြည်သူများ စာပေအသိပညာနှင့် ဗဟုသုတများ တိုးပွားစေရေးအတွက် အွန်လိုင်းမှတစ်ဆင့် အသိပညာပေး Talk Show ဆွေးနွေးပွဲများ၊ ပြည်သူအသိပညာပေး ဝန်ဆောင်မှု လုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဝေကြည်(ပြန်/ဆက်)