မိုးညှင်းမြို့နယ် အင်းတော်ကြီးအိုင်ဒေသတွင် ငါးမျိုးစိတ်ပေါင်း (၉၄)မျိုးကျော် နေထိုင် ကျက်စားလျက်ရှိ

မိုးညှင်း ဒီဇင်ဘာ ၇

ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့နယ် အင်းတော်ကြီးအိုင်ဒေသတွင် တွေ့ရှိရသည့် ဒေသရင်း ငါးမျိုးစိတ်များအပါအဝင် ငါးမျိုးစိတ်ပေါင်း (၉၄)မျိုးကျော် နေထိုင်ကျက်စားလျက်ရှိကြောင်း အင်းတော်ကြီးဘေးမဲ့တော အုပ်ချုပ်ရေးမှူးရုံးမှ သိရသည်။

အင်းတော်ကြီးအိုင်သည် အရှေ့တောင်အာရှတွင် တတိယအကြီးဆုံး ကုန်းတွင်းရေချိုအိုင်ကြီးဖြစ်၍ ပထမအကြီးဆုံးနှင့် ဒုတိယအကြီးဆုံးဖြစ်သည့် ကမ္ဘောဒီးယားနိုင်ငံရှိ တုန်လီဆက်ကန်(Tonle Sap Lake) နှင့် ဖိလစ်ပိုင်နိုင်ငံရှိ လာဂူနာဒီဗေးကန်(Lagunade Bay)တို့ဖြစ်ကြပြီး ၎င်းအိုင်အတွင်း တွေ့ရှိရသည့် ငါး၊ ပုစွန်၊ ဂဏန်း၊ ယောက်သွား၊ ဖား၊ မြွေနှင့် ငှက်မျိုးစုံများ အပါအဝင် ရေနေသတ္တဝါမျိုးစုံတို့ နေထိုင်ကျက်စားလျက်ရှိ‌ကြောင်း သိရသည်။

အဆိုပါ သတ္တဝါများထဲမှ ငါးများသည် လူတို့၏အလုပ်အကိုင် အခွင့်အလမ်းနှင့် အာဟာရအတွက် သာမက အင်းတော်ကြီးအိုင်နှင့် ဝန်းကျင်အတွင်း နေထိုင်ကျက်စားလျှက်ရှိသော ဆောင်းခိုငှက်မျိုးစိတ်များအပါအဝင် ဒေသငှက်မျိုးစိတ်များနှင့် တောရိုင်းတိရစ္ဆာန်များအတွက် အရေးပါသော အစားအစာသာဖြစ်ပြီး ၎င်းအိုင်းနှင့် ဝန်းကျင်ရှိ ချောင်းများတွင် ဒေသရင်း ငါးမျိုးစိတ်များအပါအဝင် ငါးမျိုးစိတ်ပေါင်း (၉၄)မျိုးကျော် နေထိုင်ကျက်စားလျှက်ရှိကြောင်း သိရသည်။

အင်းတော်ကြီးအိုင်ဒေသတွင် အများဆုံးတွေ့ရှိရသော ငါးမျိုးစိတ်များမှာ ငါးဂျောင်း၊ ငါးဘတ်၊ ငါးခုံးမ၊ ငါးဖယ်၊ တီလားပီယား၊ ငါးလဘိ၊ ငါးဇင်ရိုင်း၊ ငါးဇင်ဇပ်၊ ငါးဒေါင်းဇင်း၊ ငါးပြေမ၊ ငါးခူ၊ ငါးရံ့နှင့် ငါးမြစ်ချင်းစသည်တို့ဖြစ်ကြပြီး ရှားပါးငါးမျိုးစိတ်များဖြစ်သည့် မိကျောင်းသွားကြားထိုးတံ ငါးမျိုးစိတ်နှင့် ရေနယားငါးမျိုးစိတ် နှစ်မျိုးအပါအဝင် သိပ္ပံလောက၌ နောက်မျိုးစိတ်သစ် (၆)မျိုးကို ဖော်ထုတ်မှတ်တမ်းတင်နိုင်ခဲ့ပြီး သိပ္ပံလောကတွင် မှတ်တမ်းတင်ခြင်းမရှိသေးသော ငါးမျိုးစိတ် များလည်း ရှိကြောင်း သိရသည်။

အင်းတော်ကြီးအိုင်ပတ်လည်တွင် ကျေးရွာအုပ်စု (၁၁)စုနှင့် ကျေးရွာပေါင်း (၃၃)ရွာရှိသည့် အနက် ကျေးရွာ(၁၇)ရွာမှ ဒေသခံပြည်သူရေလုပ်ငန်း လုပ်ကိုင်ကြသူ (၃၀၀)ကျော်ရှိပြီး နှစ်စဉ် ဇူလိုင်လနှင့် ဩဂုတ်လတို့တွင် ငါးလုပ်ငန်းဦးစီးဌာနမှ ငါးသန်မျိုးစိတ်အကောင်ရေ သုံးသိန်းကျော်ခန့် စိုက်ထည့် ပေးလျက်ရှိကြောင်း သိရသည်။

ရွှေမိုးညှင်း