ကျိုင်းတုံ ဒီဇင်ဘာ ၇
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ ၂၀၂၂ ခုနှစ် ကမ္ဘာ့ခုခံအားကျဆင်းမှု ကူးစက်ရောဂါတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားကို ယနေ့ နံနက် ၉ နာရီခွဲက ပြည်နယ် ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာန(ကျိုင်းတုံ)ခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှေ့) အဖွဲ့ဝင်-၂ ဦးမင်းညိုက အမှာစကားပြောကြားပြီး ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ပြည်နယ်ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာစည်သူအောင်က ခုခံအားကျဆင်းမှု ကူးစက်ရောဂါကို ပြည်သူ့ကျန်းမာရေး ပြဿနာအဖြစ်မှ လုံးဝကင်းစင်ပပျောက်သွားအောင် ကျန်းမာရေးဝန်ထမ်းများက ကြိုပမ်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ အိပ်ချ်အိုင်ဗွီ/ အေအိုင်ဒီအက်စ် ကင်းဝေးသော အနာဂတ်ကို ဖော်ဆောင်ရာတွင် ကုသရေးဝန်ဆောင်မှုများကို လူတိုင်းတမ်းတူညီမျှလက်လှမ်းမီရရှိအောင် ဆောင်ရွက် လျက်ရှိပါကြောင်း ပြောကြားသည်။
ထို့နောက် မြန်မာနိုင်ငံတွင် အိပ်ချ်အိုင်ဗွီ/အေအိုင်ဒီအက်စ် ရောဂါကာကွယ်ကုသရေး လုပ်ငန်းများနှင့်ပတ်သက်၍ ကြိုးပမ်းဆောင်ရွက်မှု မှတ်တမ်းဗွီဒီယိုပြသခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ ကမ္ဘာ့ခုခံအားကျဆင်းမှု ကူးစက်ရောဂါဆိုင်ရာ ဉာဏ်စမ်းပဟေဠိ ဖြေဆိုခြင်းများကို အခမ်းအနားတက်ရောက်လာကြသူများက ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)