အမ်း ဒီဇင်ဘာ ၇
ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့နယ်၌ ယာဉ်စည်းကမ်း လမ်းစည်းကမ်းနှင့်အညီ လိုက်နာမောင်းနှင်သွားလာနိုင်စေရေး၊ ယာဉ်မတော် တဆမှုများလျော့နည်းစေရေး အသိပညာပေး ဟောပြောပွဲကိုအောက်ရွာကျေးရွာ အုပ်စုအမှတ်- ၂အခြေခံပညာအထက်တန်းကျောင်းတွင် ယမန်နေ့ နေ့လယ်(၃) အချိန်က ကျင်းပပြုလုပ်ခဲ့သည်။
ဟောပြောပွဲတွင် အမ်းယာဉ်ထိန်းရဲတပ်ဖွဲ့စိတ်မှ ဒုရဲအုပ် သန့်ဇင်ဦးက ကျောင်းသား၊ ကျောင်းသူများအား ယာဉ်စည်းကမ်း လမ်းစည်းကမ်းနှင့်အညီ လိုက်နာမောင်းနှင်သွားလာနိုင်စေရေး၊ ယာဉ်မတော်တဆမှုများလျော့နည်းစေရေးရည်ရွယ်၍ မော်တော်ကားနှင့် မော်တော်ဆိုင်ကယ်များကို စီးနင်းသူများလိုက်နာရန်စည်းကမ်းများ၊ မော်တော်ဆိုင်ကယ်စီးလျှင် သတ်မှတ်ထားသော စံချိန်စံညွှန်းကိုက်ညီသည့်ဆိုင်ကယ်စီးဦးထုတ်ဆောင်း၍ မေးသိုင်းကြိုးသေချာစွာ တပ်ရမည်၊ မီးကောင်းမွန်ရမည်၊ မူးယစ်သောက်စားပြီးမစီးရ၊ နောက်ကြည့်မှန်၊ ကောင်းမွန်သောဘရိတ်နှင့်ကောင်းမွန်သောတာယာများပါရှိရန်၊ ယာဉ်ကြောပိတ်ဆို့မှုအချက်ပြစနစ်များကိုလိုက်နာရန်၊ ခြေလျင်သွားလာသူများ၊ လမ်းဖြတ်ကူးသူများ လိုက်နာရမည့်ယာဉ်စည်းကမ်းလမ်းစည်းကမ်း ယာဉ်အန္တရာယ် ကင်းဝေးစေရေး အသိပညာပေးဟောပြောခဲ့သည်။
ဆက်လက်၍ အမ်းယာဉ်ထိန်းရဲတပ်ဖွဲ့စိတ်မှ ရဲတပ်ဖွဲ့ဝင်တစ်ဦးက ယာဉ်ကြောပိတ်ဆို့မှု အချက်ပြစနစ်များကို လက်တွေ့ပြသခဲ့ပြီး ဟော ပြောပွဲသို့ တက်ရောက်သည့် ကျောင်းသား/ကျောင်းသူများအား ယာဉ်အန္တရာယ်ကင်းဝေးရေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
စိုးမင်းထွန်း