ရခိုင်ပြည်နယ် မောင်တောမြို့၌ လူကုန်ကူးတားဆီးကာကွယ်ရေးအဖွဲ့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်

မောင်တော   ဒီဇင်ဘာ  ၇

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့၌ လူကုန်ကူးခံရသူများ ပြန်လည်လက်ခံရေး၊ ပြန်လည်ဝင်ဆံ့ ပေါင်းစည်းရေးနှင့် ပြန် လည်ထူထောင်ရေးဆိုင်ရာ  လုပ်ငန်းကော်မတီ၏ ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နေ့လယ် ၁ နာရီအချိန် ခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ကြသည်။ 

ရှေးဦးစွာ  ခရိုင်လူကုန်ကူးမှု တားဆီးကာကွယ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနေဦးက လူကုန်ကူးမှု တိုက်ဖျက်ရေးကို အမျိုးသားရေး တာဝန်တစ်ရပ်အဖြစ် သတ်မှတ်ထားသဖြင့် ပြည်သူလူထုမှ ပူးပေါင်းပါဝင်ရန်လိုအပ်ပါကြောင်း၊ လူကုန်ကူးမှု တားဆီးကာကွယ်ရေးအဖွဲ့မှ ရေးဆွဲပြဋ္ဌာန်းထားသည့် လူကုန်ကူးမှုတိုက်ဖျက်ရေးစီမံချက်များကို စနစ်တကျ ပူးပေါင်းဆောင်ရွက်ကြရန်နှင့် လူကုန်ကူးမှုတားဆီးရေး ကိစ္စရပ်များကို ပြည်သူလူထုသိရှိနိုင်ရေးအတွက်  အသိပညာပေးဟောပြောခြင်းများကို ဆောင်ရွက်ကြရန်လိုအပ်ကြောင်း စသည့်တို့ကို ပြောကြားခဲ့သည်။ ဆက်လက်၍  ခရိုင်လူကုန်ကူးမှုတားဆီးကာကွယ်ရေးအဖွဲ့  အတွင်းရေးမှူး ဒုတိယရဲမှူး စံမင်းကမိမိတို့ မြို့နယ်အတွင်း လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးနှင့် ရပ်ရွာအခြေပြု လူကုန်ကူးမှု စိစစ်ဖော်ထုတ်ရေးအဖွဲ့များ ဖွဲ့စည်းကာ ဆောင်ရွက်နေသည့် အခြေအနေများ စသည့်တို့ကို ရှင်းလင်းပြောကြားခဲ့သည်။  ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ဒုတိယ ရဲမှူးကြီး ကိုကိုလေးက လူကုန်ကူးမှု ဖြစ်ပေါ်နေသည့် အခြေအနေများ အားပြောကြားပြီး တက်ရောက် လာကြသော ကော်မတီဝင်များကဌာနများအလိုက် ဆောင်ရွက်နေသည့် ကိစ္စရပ်များ၊ လက်ရှိဆောင် ရွက်လျက်ရှိနေသည့်အခြေအနေများနှင့် ရှေ့ဆက်ဆောင်ရွက်သင့်သည့် အစီအစဉ်များကို တင်ပြကြရာ ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သက်လွင်စိုး ခရိုင်(ပြန်/ဆက်)