စဉ့်ကူးမြို့နယ်၊ ရွာတော်လေးကျေးရွာရှိ ချမ်းမြေ့သာစည် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းသို့ ဆန်၊ ဆီ၊ ဆား၊ ပဲနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်း

စဉ့်ကူး   ဒီဇင်ဘာ  ၇

မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ်၊ လက်ပန်လှကျေးရွာအုပ်စု၊ ရွာတော်လေးကျေးရွာရှိ ချမ်းမြေ့သာစည် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းသို့ ဆန်၊ ဆီ၊ ဆား၊ ပဲနှင့် လှူဖွယ် ပစ္စည်းများ ဆက်ကပ်လှူဒါန်းပွဲကို ယနေ့နံနက် (၈) နာရီက ကျင်းပခဲ့သည်။

အဆိုပါ လှူဒါန်းပွဲတွင် သပိတ်ကျင်းတပ်နယ်၊ အမှတ် (၂) စစ်အခြေခံ လေ့ကျင့်ရေးတပ်မှ ဒုတိယဗိုလ်မှူးကြီး မျိုးသန့်ဇင်၊ စဉ့်ကူးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းကျော်နိုင်၊ အဖွဲ့ဝင် (၁) ဗိုလ်မှူးသော်တာထွန်းနှင့် အဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က ဘုန်းတော်ကြီး ကျောင်းအတွက် ဆွမ်းဆန်တော် (၁) အိတ်၊ ဆီ (၁၀) ပိဿာ၊ ဆား (၅) ပိဿာ၊ ကုလားပဲ (၁၀) ပြည်၊ ခေါက်ဆွဲခြောက် (၂) ဖာ၊ နို့ဆီ (၆) ဘူး၊ စုစုပေါင်း (၂၁၂၂၀၀) ကျပ် တန်ဖိုးရှိ လှူဖွယ် ပစ္စည်းတို့ကို ကျောင်းထိုင်ဆရာတော် ဦးဝရသာမိထံ ဆက်ကပ်လှူဒါန်းကြရာ ဆရာတော်က တရားဒေသနာများ ချီးမြှင့်ဟောကြားကာ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်ချ အမျှပေးဝေခဲ့ကြသည်။

စဉ့်ကူးမြို့နယ်၊ လက်ပန်လှကျေးရွာအုပ်စု၊ ရွာတော်လေးကျေးရွာရှိ ချမ်းမြေ့သာစည် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတွင် ကျောင်းသား/ကျောင်းသူ (၁၇၀) ဦးအား ပညာသင်ကြားပေးလျက်ရှိကြောင်း သိရသည်။

တင်ဇာလွင် (ပြန်/ဆက်)