မြောက်ဥက္ကလာပ ဒီဇင်ဘာ ၇
ရန်ကုန်တိုင်းဒေသကြီး၊မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားမှုများကို ထိန်းချုပ်နိုင်ရန်အတွက် အသက်၁၈နှစ် အထက်များအား Myancopharn ကာကွယ်ဆေးများကို ပထမအကြိမ် ထိုးနှံပေးပြီး၊ အသက်၅နှစ်မှ ၁၂နှစ်အထိ ကျောင်းပြင်ပကလေးများအား Pfizer ကာကွယ်ဆေးများကို ယမန်နေ့ နံနက် ၀၉:၀၀ နာရီက မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများက ခေမာသီလမ်း၊ ဝေပုလ္လအိမ်ယာအနီး မြို့နယ်ကျန်းမာရေးဦးစီးဌာနရုံးတွင် ကိုဗစ်-၁၉ ကာကွယ်ဆေးများ ရာနှုန်းပြည့်ပြီးစီးရေး အရှိန်အဟုန် မြှင့်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
သို့ဖြစ်ရာ Sinopharm/ Sinovac ကာကွယ်ဆေးနှစ်ကြိမ်ထိုးနှံပြီးသူများ Booster (Myancopharn)နှင့် Pfizer ကာကွယ်ဆေးများ ဆက်လက်ထိုးနှံ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရပြီး အဆိုပါဆေးထိုးနှံရာသို့ ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီအဖွဲ့များ၊ မြို့နယ်ပြည်သူ့ကျန်းမာ ရေးဦးစီးဌာနမှဝန်ထမ်းများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ရုံးဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မြို့နယ်ခြေနီသူနာပြုတပ်ဖွဲ့များ ပူးပေါင်း၍ ကာကွယ်ဆေးထိုးနှံရန် လာရောက်ကြသူများကို အဆင်ပြေချောမွေ့စွာ ဆေးထိုးနှံနိုင်ရန် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ထို့အပြင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံရာသို့ လာရောက်ထိုးနှံကြသူများအား မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များက အောက်စီဂျင်တိုင်းတာခြင်း၊ ကိုယ်အပူချိန် တိုင်းတာခြင်းတို့ကို ဆောင်ရွက်ပြီး ကျန်းမာရေးလမ်းညွှန်ချက်များနှင့်အညီ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက ကာကွယ်ဆေးရာနှုန်းပြည့် ထိုးနှံနိုင်ရေး စနစ်တကျ ဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။
သိင်္ဂီပြည့်ဖြိုး(ပြန်/ဆက်)