မန်တုံမြို့နယ်၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေး နှိုးဆော်

မန်တုံ ဒီဇင်ဘာ ၇

ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မန်တုံမြို့နယ်တွင် မြို့နယ်မီးသတ်ဦးစီးဌာန မှ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် ယမန်နေ့ ညနေပိုင်းအချိန်က အမှတ်(၁)ရပ်ကွက်၊ အမှတ်(၂)၊ မြို့မရပ်ကွက်အတွင်းသို့ လှည့်လည်နှိုးဆော်ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ ပွင့်လင်းရာသီသို့ ရောက်ရှိလာပြီဖြစ်သဖြင့် အိမ်တိုင်း အိမ်တိုင်းတွင် သုံးစွဲပြီးသော မီးကြွင်း၊ မီးကျန်များကို သေချာစွာ ငြှိမ်းသတ်ထားရန်၊ အိမ်တိုင်း၊ အဆောက်အဦတိုင်း၊ ရုံး/ဌာနတိုင်းတွင် မီးချိတ်၊ မီးကပ်၊ သဲပုံး၊ ရေပုံး၊ မီးသတ်ဆေးဗူးများ အသင့်ဆောင်ရွက်ထားရှိကြရန်၊ ဟောင်းနွမ်းဆွေးမြေ့နေသော လျှပ်စစ်ပစ္စည်းများ၊ လျှပ်စစ်ဝါယာကြိုးများ၊ လျှပ်စစ်မိန်းခုံများအား အသစ်လဲလှယ် အသုံးပြုကြရန်၊ မိမိနေအိမ် ခြံဝန်းအတွင်း အမှိုက်သရိုက်များ ရှင်းလင်းထားရန်၊ မီးရှို့ဖျက်ဆီးခြင်း မပြုလုပ်ကြရန်၊ မီးတားလမ်းများ ဖောက်လုပ်ထားရန်၊ ရပ်ကွက်အတွင်း မီးဘေးအန္တရာယ် စိုးရိမ်ရသော လောင်စာဆီများ၊ ပေါက်ကွဲစေတတ်သော ပစ္စည်းများ၊ မီးလောင် လွယ်သော လောင်စာပစ္စည်းများအား သိုလှောင်ထားခြင်း မပြုလုပ်ကြရန်၊ မီးဖိုမီး၊ လျှပ်စစ်မီး အများဆုံး အသုံးပြုလုပ်ကိုင်သော လုပ်ငန်းအနေဖြင့် မီးဘေးကြိုတင်ကာကွယ်ရေး ပစ္စည်းများအား ပြည့်စုံစွာ ထားရှိရန်၊ မီးဖိုကို သံပြား၊ အမိုးအကာဖြင့်လည်းကောင်း၊ မီးဒဏ်ခံနိုင်သော အခြားပစ္စည်းများဖြင့်လည်းကောင်း၊ စနစ်တကျ ပြုလုပ်ဆောင်ရွက်ထားကြရန်၊ ရေပုံး၊ ရေကန်များ ရေအပြည့် ဖြည့်ဆည်းထားရန်၊ မြို့ပေါ် လမ်းမများတွင် ယာဉ်ပိတ်ဆို့မှု မရှိစေရန်အတွက် လမ်းလွတ်သည့်နေရာတွင် ယာဉ်များ ရပ်နား ရန်၊ နေ့စဉ် မီးသုံးစွဲချိန်အား နံနက် (၀၄:၀၀)နာရီမှ (၀၉:၀၀)နာရီ၊ ညနေ (၀၄:၀၀)နာရီမှ (၀၇:၀၀)နာရီ အထိသာ သုံးစွဲရန်၊ မီးလောင်မှု၊ မီးလှန့်မှု ဖြစ်ပွားပေါ်ပေါက်လာပါက ကြိတ်မငြှိမ်းသတ်ပဲ မီးသတ်တပ်ဖွဲ့ အရေးပေါ် ဖုန်းနံပါတ်များသို့ ဆက်သွယ်ကြောင်းကြားနိုင်ပါရန် အသိပညာပေး နှိုးဆော်ခဲ့ကြောင်း သိရသည်။

မန်တုံ(ပြန်/ဆက်)