မန္တလေးမြို့ရှိ Fever Clinic ဆေးခန်းများတွင် ဖျားနာသူများအခမဲ့လာရောက်ပြသနိုင်ရန် ပြန်လည်ဖွင့်လှစ်ထား

မန္တလေး၊ စက်တင်ဘာ ၂၂

မန္တလေးမြို့ရှိ အခမဲ့ဖျားနာရောဂါကုသရေးဆေးခန်း (Fever Clinic) များတွင် ဖျားနာသူများ အခမဲ့လာရောက်ပြသနိုင်ရန် ပြန်လည်ဖွင့်လှစ်ထားကြောင်း မြန်မာနိုင်ငံဆရာဝန်အသင်း (မန္တလေးတိုင်းဒေသကြီး) မှ သိရသည်။
"အခမဲ့ဖျားနာဆေးခန်းများကို ပြီးခဲ့တဲ့ဧပြီလက စတင်ဖွင့်လှစ်ခဲ့ပါတယ်၊ မန္တလေးတိုင်းဒေသကြီးမှာ ကိုဗစ် တော်တော်လေးထိန်းချုပ်သွားနိုင်တော့ ဇူလိုင်လမှာ ပြန်ပိတ်လိုက်တယ်၊ ဒီလထဲမှာ ကိုဗစ်ရောဂါ ကူးစက်မှုပြန်လည်မြင့်တက်လာတဲ့အတွက် မန္တလေးအထွေထွေရောဂါကုဆေးရုံကြီးမှာ ဖျားနာသူတွေ စုပြုံသွားတာမျိုးမဖြစ်အောင်၊ ဆေးရုံကိုလည်း မသွားချင်သူတွေ ကိုယ့်မြို့နယ်ထဲမှာပဲပြသနိုင်အောင် ပြန်လည်ဖွင့်လှစ်တာပါ"ဟု မြန်မာနိုင်ငံဆရာဝန်အသင်း (မန္တလေးတိုင်းဒေသကြီး) မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
Fever Clinic အခမဲ့ဆေးခန်းများကို  ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမဖြစ်ပေါ်စေရေးအတွက် မန္တလေး တိုင်းဒေသကြီးကျန်းမာရေးဦးစီးဌာနနှင့် မြန်မာနိုင်ငံဆရာဝန်အသင်း (မန္တလေးတိုင်းဒေသကြီး) တို့ ပူးပေါင်း ဖွင့်လှစ်ထားခြင်းဖြစ်ပြီး စေတနာ့ဝန်ထမ်း(Volunteer) ဆရာဝန်များ အလှည့်ကျဆောင်ရွက်ပေးလျက်ရှိကာ နေ့စဉ်နံနက် ၉ နာရီ မှ ၁၁ နာရီအထိ ပိတ်ရက်မရှိ ကျန်းမာရေးစောင့်ရှောက်မှုပေးလျက်ရှိကြောင်း သိရသည်။
မန္တလေးမြို့တွင် အခမဲ့ဖျားနာရောဂါကုသရေးဆေးခန်း(Fever Clinic)များကို ချမ်းမြသာစည်မြို့နယ်၊ ထွန်တုံးရပ်ကွက်တွင်လည်းကောင်း၊ အောင်မြေသာစံမြို့နယ်၊ ၁၂ လမ်းရှိ မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီး ဌာနနှင့် ပြည်ကြီးတံခွန်မြို့နယ်၊ တံခွန်တိုင်ရပ်ကွက်တို့တွင် အသီးသီးဖွင့်လှစ်ထားကြောင်း သိရသည်။
သန်းဇော်မင်း(ပြန်/ဆက်)