မိုးနဲ ဒီဇင်ဘာ ၇
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် နားခါးကျေးရွာနေ ဦးစောလုံ၏ ယာခင်းအတွင်း၌ ဆောင်းသီးနှံကြက်သွန်ဖြူများကို ယနေ့နံနက် ၈ နာရီက စတင်စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။
ယာထဲတွင် ကြက်သွန်ဖြူစိုက်ပျိုးရန် ယမန်နေ့တွင် ထွန်ယက်ထားပြီးဖြစ်ရာ ယနေ့တွင် ကြက်သွန်ဖြူစိုက်သူ (၂) ဦးကို နေ့စားတစ်ဦးလျှင် ကျပ် ၁၀၀၀၀ ဖြင့်လည်းကောင်း၊ မြေပေါက်သူ (၂) ဦးကို နေ့စားတစ်ဦးလျှင် ကျပ် ၇၀၀၀ ဖြင့်လည်းကောင်း၊ စိုက်ပျိုးပြီးနောက် ကြက်သွန်စိုက်ခင်းပေါ် ကောက်ရိုးဖုံးရန် (၁) ဦးကို ကျပ် ၁၅၀၀၀ ဖြင့်လည်းကောင်း ငှားရမ်းထားကြောင်း၊ စိုက်ပျိုးရာတွင် တစ်နိုင်တစ်ပိုင်ဖြစ်သည့်အတွက် ဘောင်သဘောဖြင့်စိုက်ပျိုးထားကြောင်း၊ ကြက်သွန်ဖြူအမွှာများ မြေထဲထိုးသွင်းစိုက်ပျိုးနည်းထက် ယခုစိုက်ပျိုးနည်းက အစို့ထွက်နှုန်းပိုမိုမြန်ဆန်ကြောင်း၊ ကြက်သွန်ဖြူစိုက်ပျိုးပြီးချိန်တွင် ပေါင်းဆေးနှင့်မြေဩဇာ (၂) မျိုးကိုပတ်ဖျန်း၍ ကောက်ရိုးဖုံးသွားမည်ဖြစ်ကြောင်း၊ ယာခင်းထဲတွင်ကြက်သွန်ဖြူ (၈)ခွဲ စိုက်ပျိုးသွားမည်ဖြစ်ကြောင်းနှင့် ကောက်ရိုးဖုံးပေးရခြင်းမှာ ပေါင်းပင်ထွက်နှုန်း နှေးစေခြင်းနှင့် ကြက်သွန်ဖြူဥကြီးစေသည့်အတွက် ဖုံးပေးရခြင်းဖြစ်ကြောင်း ဦးစောလုံထံမှ သိရသည်။
ဇင်ကိုကို(ပြန်/ဆက်)