မိုင်းယောင်း ဒီဇင်ဘာ ၇
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ယမန်နေ့နံနက် ၁၀ နာရီခွဲက “ပြည်သူများကျန်းမာရေးအတွက် လူထုလှုပ်ရှားအားကစား”ခေါင်းစဉ်ဖြင့် ကျန်းမာရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ Talk Show ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ အသိပညာပေးဆွေးနွေးပွဲ Talk Show တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရုပ်သံကျွမ်းကျင်-၃ ဒေါ်နန်းစီဖေါင်းနှင့် Woman Club မှ ဒေါ်ဝင်းဝင်းအောင်တို့က ယခုအခါတွင် မြို့နယ်အသီးသီးတို့၌ ကိုယ်ခန္ဓာကျန်းမာသန်စွမ်းစေပြီး စိတ်နှလုံးရွှင်လန်းစေကာ အသက်အရွယ်မျိုးစုံ ပါဝင်လှုပ်ရှားနိုင်သည့် ဒီဇင်ဘာအားကစားလ လူထုလှုပ်ရှားမှု လမ်းလျှောက်ပွဲများကို မြို့နယ်အသီးသီးတွင် အပတ်စဉ် ပြုလုပ်နေပြီဖြစ်ကြောင်း၊ ကျန်းမာခြင်းသည် လာဘ်ကြီးတစ်ပါးဖြစ်ပြီး ကျန်းမာပါက အရာရာကို စိတ်ကဦးဆောင်နိုင်စွမ်းရှိသလောက် လုပ်ကိုင်နိုင်မည်ဖြစ်ကြောင်း၊ ကျန်းမာခြင်း၏ အကျိုးကျေးဇူးများကို မကျန်းမာသောအခါ၌ ပိုမိုသိရှိနားလည်လာနိုင်သဖြင့် ကျန်းမာရေးအတွက် ငွေကုန်ကြေးကျမရှိသော ကိုယ်လက်လှုပ်ရှားအားကစားနည်း တစ်မျိုးမျိုးကို ပြုလုပ်ကြရမည်ဖြစ်ကြောင်း ဆွေးနွေးခဲ့ကြသည်။
ထို့နောက် အငယ်တန်းစာရေး ဦးထွန်းမြင့်လှိုင်နှင့် လုပ်သားရုပ်သံ ဒေါ်ဝေဝေခိုင်တို့က ပြည်သူများအနေဖြင့် ယခင်ခေတ်ကာလများနှင့်မတူ လူမှုဘဝပုံစံများ ပြောင်းလဲလာသည်ကို တွေ့ရမည်ဖြစ်ကြောင်း၊ တိုးတက်ပြောင်းလဲလာသော နည်းပညာခေတ်အရ အားလပ်ချိန်များတွင်လည်း ကွန်ပျူတာ၊ လက်ကိုင်ဖုန်းများနှင့် အွန်လိုင်းပေါ်တွင် အချိန်ကုန်နေကြကာ ကိုယ်လက်လှုပ်ရှားမှုနည်းပါးလာသဖြင့် အသက်အရွယ်မရွေး ရောဂါအမျိုးမျိုး ထူပြောလာကြောင်း၊ ထိုအခြေအနေတို့ကို ကုစားနိုင်ရန်အတွက် နည်းကောင်းတစ်လက်သည် အချိန်မှန်မှန် ကိုယ်လက်လှုပ်ရှား အားကစားတစ်မျိုးမျိုး ပြုလုပ်ခြင်းနှင့် နေ့စဉ် ပုံမှန်လမ်းလျှောက်ခြင်းသည် ဆေးကောင်းတစ်လက်ဖြစ်သောကြောင့် ဒီဇင်ဘာအားကစားလ အားကစားပြိုင်ပွဲများနှင့် လူထုလှုပ်ရှား စုပေါင်းလမ်းလျှောက်ပွဲများကို အားပေးကြပြီး ကိုယ်တိုင်လည်း ပါဝင်လှုပ်ရှားဆောင်ရွက်ကြရန် ဆွေးနွေးခဲ့ကြသည်။
စိုင်းအောင်ဇော်လင်း