ဖားကန့် စက်တင်ဘာ ၂၂
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်ကို ယမန်နေ့ စက်တင်ဘာ ၂၁ ရက်နေ့မှ စတင်ပြီး နေအိမ်မှ အပြင်သို့မထွက်ရန် Stay at Home မြို့နယ်အဖြစ် ကချင်ပြည်နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီက သတ်မှတ်ကြေညာလိုက်ကြောင်း ယမန်နေ့နံနက် ၁၁ နာရီတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ဆောင်ရွက် သည့် ထုတ်ပြန်ထားချက်အား ပြည်သူများလိုက်နာဆောင်ရွက်စေရေး အသေးစိတ်စီမံခန့်ခွဲသည့် အစည်းအဝေးမှ သိရသည်။
ကြေညာချက်တွင် ဖားကန့်မြို့နယ်တွင်းပြည်သူများအနေဖြင့် မဖြစ်မနေကျန်းမာရေးကိစ္စနှင့် ဈေးဝယ်ယူခြင်းသာ ခွင့်ပြုမည်ဖြစ်ပြီး မိမိတို့နေအိမ်ပြင်ပသို့ ထွက်ခွာခြင်းမပြုရန် Stay at Home အား လိုက်နာခြင်းမရှိပါက သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေနှင့်အရေးယူမည် ဖြစ်ကြောင်း ပါရှိသည်။
ယခုကြေညာချက်သည် မြို့နယ်တွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမှ ထိန်းချုပ်နိုင်မည့် အခွင့်အရေးအဖြစ် အကောင်းဆုံး အသုံးချနိုင်အောင် ကြပ်မတ်ဆောင်ရွက်ရန် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဉာဏ်လင်းအောင်က ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများအား မှာကြားသည်။
အိမ်ထဲမှ အပြင်သို့ မထွက်စေရေး Stay at Home အကောင်အထည်ဖော်ရေးအတွက် အိမ်ထဲမှ အိမ်ပြင်ထွက်ခွင့် တစ်အိမ်လျှင် ကတ်တစ်ခုထုတ်ပေးထားမည်ဖြစ်ပြီး ကတ်ပါရှိသူတစ်ဦးသာ မဖြစ်မနေ ဈေးဝယ်ထွက်ရသည့် အခြေအနေကို ခွင့်ပြုမည်ဖြစ်ကြောင်း သိရသည်။
ဒေသတွင်း စားသောက်ရေး အခက်အခဲမဖြစ်စေရေးအတွက် ကုန်စိမ်းနှင့်သားငါးဈေးသည်များကို တစ်ရွာမှတစ်ရွာသို့ ခြွင်းချက်အနေဖြင့် သွားလာခွင့်ပြုမည်ဖြစ်သော်လည်း အချိန်နှင့်နေရာများ ကန့်သတ်ပြီး ကျန်းမာရေးဌာန၏ လမ်းညွှန်ချက်ကို အတိအကျလိုက်နာစေရေး ဆောင်ရွက်မည် ဖြစ်သည်။
မြို့နယ်တစ်ခုလုံးခြုံအောင် တိတိကျကျ ဆောင်ရွက်နိုင်ရေးအတွက် ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ သန္ဓေနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုကူညီရေးအသင်းအဖွဲ့များ၏ အကူအညီဖြင့် ဌာနဆိုင်ရာ များနှင့် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးအဖွဲ့များက အကောင်အထည်ဖော်မည်ဖြစ်ကြောင်း သိရသည်။
မြို့ပေါ်ရပ်ကွက်တိုင်း ကျေးရွာတိုင်းတွင် တပ်မတော်သားများနှင့် ရဲတပ်ဖွဲ့ဝင်များက ပြည်သူများ၏ လုံခြုံရေးကို ဆောင်ရွက်ပေးမည့် အစီအစဉ်တို့ကို အစည်းအဝေးတွင် ဆွေးနွေးညှိနှိုင်းခဲ့ကြသည်။
ဖားကန့်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ အတည်ပြုလူနာ ကိုးဦးထိရှိပြီး မြို့နယ်တွင်း ပထမဆုံး ပိုးတွေ့ လူနာအမှတ် ၁၇၁၂ သည် စက်တင်ဘာ ၂၀ ရက်နေ့က ဆေးကုသမှုခံယူနေသည့် သီတဂူစက္ခုဒါနဆေးရုံမှ အိမ်ပြန်ခွင့်ရခဲ့ပြီဖြစ်သည်။
တာလင်းမောင်(ပြန်/ဆက်)