မိုးမိတ်မြို့နယ်တွင် လူကုန်ကူးမှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးဟောပြော

မိုးမိတ် ဒီဇင်ဘာ ၇

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မိုးမိတ်မြို့တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြန်မာနိုင်ငံလူကုန်ကူးမှုတိုက်ဖျက်ရေးဆိုင်ရာ အသိ ပညာပေးဟောပြောပွဲကို မန်ကည်းပင်ကျေးရွာ တိုက်နယ်ဆေးရုံး၌ ယမန်နေ့ နံနက် ၁၁ နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဘော်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မိုးမိတ်မြို့မရဲစခန်းမှ မြို့နယ်ရဲတပ်ဖွဲ့မှူး ကျော်အေးလှိုင်က လူကုန်ကူးမှုဆိုသည်မှာ လူတစ်ဦးသည် အခြားလူတစ်ဦးကို အဓမ္မပြည့်တန်ဆာလုပ်ခိုင်းခြင်း၊ အခြားကာမဆိုင်ရာ ကိစ္စတစ်မျိုးမျိုး ပြုလုပ်ခိုင်းခြင်း၊ အဓမ္မအလုပ်ခိုင်းစေခြင်း၊ အဓမ္မလက်ထပ်ထိမ်းမြှားစေခြင်း၊ ကျွန်ပြုခြင်း ကျေးကျွန်ကဲ့ သို့ခိုင်းစေခြင်း၊ အခြားသူတစ်ယောက်၏ ခန္ဓာအစိတ်အပိုင်းအား ထုတ်ယူဖယ်ရှားခြင်း၊ ရောင်းစားခြင်း စသည့်တို့ကို ပြုလုပ်ရာ၌ ငွေကြေးကိုသော်လည်းကောင်း၊ အကျိုးအမြတ် တစ်စုံတရာကို သော်လည်းကောင်း လက်ခံခြင်း(သို့မဟုတ်) လက်ခံရယူရန် သဘောတူခြင်းတို့ဖြစ်သည်ဟု လည်းကောင်း လူကုန်ကူးမှုနှင့်ပတ်သက်ပြီး ပြစ်မှုပြစ်ဒဏ်များ၊ လူကုန်ကူးမှု ဖြစ်ပွားလေ့ရှိသည့် အခြေအနေများနှင့် ဆောင်ရန်၊ ရှောင်ရန်များအား အသိပညာပေး ဟောပြောခဲ့ပြီး တက်ရောက်လာကြသူများက ဆွေးနွေးမေးမြန်းခဲ့ကြရာ ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြောင်း သိရသည်။

စည်သူဌေး (ခရိုင်၊ ပြန်/ဆက်)