သိန္နီ ဒီဇင်ဘာ ၇
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ သိန္နီမြို့တွင် စိုက်ပျိုးရေးတောင်သူများအနေဖြင့် ပဲပုတ်များကို စိုက်ပျိုးရောင်းချလျက်ရှိရာ ယခုနှစ်တွင် ဈေးကောင်းရလျက်ရှိကြောင်း သိရသည်။
ပဲပုတ်စိုက်ပျိုးရာတွင် သဘာဝမြေသြဇာဖြစ်သော ဖွဲပြာ၊ ကျွဲချီး၊ နွားချီး၊ အသုံးပြု၍ တစ်ကျင်းတွင် ပဲပုတ်စေ့ ၅ လုံးမှ ၇ လုံးအထိ စိုက်ပျိုးကြောင်း သိရသည်။ ထို့နောက် ရက် ၃၀ အတွင်း မြေသြဇာထပ်မံကျွေးခြင်း၊ ပိုးသတ်ဆေးဖျန်းခြင်းများ ပြုလုပ်ပေးရပြီး ဆောင်းရာသီတွင် ရေလောင်းရန်မလိုပဲ ရက်ပေါင်း ၉၀ မှ ရက်ပေါင်း ၁၂၀ အတွင်း အပင်များ ခြောက်သွေ့သွားပါက အလွယ်တကူ ရိတ်သိမ်းနိုင်ပါသည်။ ရိတ်သိမ်းပြီးပါက အပင်များကို အစုလိုက်ပုံထားပြီး ချွေစက်ဖြင့် ချွေ၍ ထွက်ရှိလာသော အစေ့များကို တစ်ပြည်လျှင် ယခင်နှစ်က ငွေကျပ် ၃၅၀၀ နှုန်းဖြင့် ရောင်းချခဲ့ရပြီး ယခုနှစ်တွင် ငေွကျပ် ၅၀၀၀ နှုန်းဖြင့် ရောင်းချရကြောင်း၊ ယခုနှစ်တွင် ဧက(၂)ဧက စိုက်ပျိုးထားရာ (၂၂) အိတ်မှ (၂၅)အိတ် ထွက်ရှိကြောင်း သိန္နီမြို့ ရက်ကွက်(၂)၊ ဟိုနောင်ရပ်ကွက်ရှိ ပဲပုတ်စိုက်တောင်သူ ဦးစိုင်းအောင်ဖေထံမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)