ကျောက်ပန်းတောင်း၊ စက်တင်ဘာ ၂၂
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ်ထွက် ဆောင်းကြက်သွန်များ ၃၀၀ ကျပ်ဈေးမှ ၁၀၀၀ ကျပ်ဈေးသို့ မြင့်တက်လာကြောင်း ကျောက်ပန်းတောင်းမြို့နယ် လဲဂွကျေးရွာ ဆောင်းကြက်သွန်စိုက်တောင်သူ ဦးပိုက်ကပြောပြ၍ သိရသည်။
ကျောက်ပန်းတောင်းမြို့နယ် ကြက်မောက်တောင်ဆည် ပတ်ဝန်းကျင်ကျေးရွာများ၊ ရေဆုံးကျေးရွာ အုပ်စုကျေးရွာများ၊ ပုပ္ပားမြောက်ဘက် စိတ္ထိန်းကျေးရွာအုပ်စုများသည် ဆောင်းကြက်သွန်အမြောက်အများ စိုက်ပျိုးကြသည့်ကျေးရွာများဖြစ်ကြကာ ဆောင်းကြက်သွန်ပေါ်ချိန် တပေါင်းလ၊ တန်ခူးလမှစတင်ကာ ကြက်သွန်ဈေးနှုန်း တစ်ပိဿာ ၃၀၀ ကျပ်ဈေးပတ်ဝန်းကျင်သာရှိနေခဲ့ရာမှ တော်သလင်းလဆန်း ၄ ရက်နေ့မှစတင်ကာ ဆောင်းကြက်သွန်ဈေးနှုန်း တစ်ပိဿာ ၁၀၀၀ ကျပ်ဖြစ်လာခဲ့ကြောင်း ညောင်ဖြူပင်ကျေးရွာ ကြက်သွန်စိုက်တောင်သူ ဦးမောင်ခိုင်က ရှင်းပြသည်။ ဆောင်းကြက်သွန်အား လှောင်ကြက်သွန်နီဟု လည်း ကောင်း၊ နွေကြက်သွန်ဟုလည်းကောင်းခေါ်ဆိုကြကြောင်းသိရပြီး ဆောင်ကြက်သွန်ပျိုထောင်ချိန် (မျိုး) ထောင်ချိန်ဖြစ်သည့် သီတင်းကျွတ်လ၊ တန်ဆောင်မုန်းလတွင် စတင်ပျိုးထောင်းကြောင်း၊ ပျိုးထောင်ရာတွင် ကြက်သွန်ပျိုးဘောင်စနစ်ဖြင့် ပျိုးထောင်ရကြောင်း သိရသည်။ ကြက်သွန်ပျိုးပင်(မျိုး)ပင်များ ၄၅ ရက်ခန့်ရှိလျှင် ကြက်သွန်စိုက်မည့်အခင်းသို့ရွေ့စိုက်ရကြောင်း သိရသည်။ တပေါင်းလ၊ တန်ခူးလတွင် စိုက်ပျိုးသည့် ကြက်သွန်နီများနှုတ်သိမ်းကြပြီး ကြက်သွန်အမိတ်(အပင်)ဖြတ်ကာ လှောင်စင်များတွင် လှောင်ထားကြကြောင်း မုန့်ကုန်းကျေးရွာ ကြက်သွန်စိုက်တောင်သူ ဦးမင်းညိုက ရှင်းပြသည်။ ဆောင်းကြက်သွန်နီခေါ် နွေကြက်သွန်သည် အစေ့မှပျိုးထောင်စိုက်ပျိုးခြင်းကြောင့် နှစ်ပတ်လည်အထားခံပြီး ကြက်သွန်စိုက်တောင်သူများ လှောင်ထားကြကြောင်း ဈေးကောင်းချိန်ဖြစ်သည့် သီတင်းကျွတ်လ၊ တန်ဆောင်မုန်းတို့တွင် ရောင်းချကြသော်လည်း ကြက်သွန်နီစိုက်ပြီး မလှောင်နိုင်သည့် တောင်သူများက နှုတ်သိမ်းပြီး ချက်ခြင်းရောင်းချကြကြောင်း သိရသည်။
ကြက်သွန်စိုက်ပျိုးကြရာတွင် ဥပြန်စိုက်ကြက်သွန်နီသည် နှစ်လဖြင့်ပေါ်ကာ အထားမခံပဲ၊ ကြက်သွန်မျိုးစေ့ ပျိုးထောင်စိုက်သည့်ကြက်သွန်မှာ နှစ်ပတ်လည်အထားခံပြီး လှောင်ထားကြကြောင်းသိရကာ ဆောင်းကြက်သွန်စိုက်တောင်သူများ ကြက်သွန်နီဈေးနှုန်းတက်လာခြင်းကြောင့် မိမိတို့ကိုယ်တိုင် စိုက်လှောင်ကြက် သွန်များရောင်းချနေပြီဖြစ်ကြောင်း လဲဂွကျေးရွာ ကြက်သွန်စိုက်တောင်သူ ဦးတင်ထွန်အောင်က ပြောကြားသည်။
ကိုထိန်၊ KPD