ကျိုက်မရောမြို့နယ်၌ မြို့နယ်အဆင့် အခြေခံပညာ ကျောင်းပေါင်းစုံ ပြေး၊ ခုန်၊ ပစ်၊ ပြိုင်ပွဲနှင့် ဘောလုံး၊ ဘောလီဘောအားကစား လူရွေးချယ် ပွဲကျင်းပ

ကျိုက်မရော ဒီဇင်ဘာ ၆

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၌ ၂၀၂၂-၂၀၂၃ ခုနှစ် ပညာသင်နှစ်အတွက် မြို့နယ်အဆင့် ကျောင်းပေါင်းစုံ ပြေးခုန်ပစ်ပြိုင်ပွဲ၊ လူရွေးပွဲနှင့် အသက် ၁၈ နှစ်အောက် အထက်တန်း၊ အလယ်တန်းအဆင့် အမျိုးသမီး၊ အမျိုးသား ဘောလီဘောနှင့် ဘောလုံးအားကစားသမား ရွေးချယ်ပွဲကို ယနေ့ နံနက် ၉ နာရီက မြို့နယ် မိုးလုံ၊ လေလုံ အားကစားဝင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ အခြေခံပညာ အထက်တန်း၊ အလယ်တန်းအဆင့် ပြေးခုန်ပစ်အားကစားနည်း ၁၂ မျိုးကို ကျင်းပပေးပြီး အဆိုပါ ပြေး၊ ခုန်၊ပစ် အားကစားနည်းများ၌ ပထမ၊ ဒုတိယ၊ တတိယ ရရှိသည့်  ကျောင်းသား၊ ကျောင်းသူများအား အားကစားနည်းပြ ဆရာ၊ ဆရာမ များက သတ်မှတ် အာကစားစည်းကမ်းများနှင့်အညီ စိစစ်ရွေးချယ်ကာ မွန်ပြည်နယ်အဆင့်သွားရောက် ယှဉ်ပြိုင်နိုင်ရန်အတွက် လေ့ကျင့်ပေးထားရန် Camp သွင်း၍ ပြည်နယ်အဆင့် သွားရောက်ယဉ်ပြိုင် ကြမည်ဖြစ်သည်။

ထို့နောက် အသက် ၁၈ နှစ်အောက် အခြေခံပညာအထက်တန်းနှင့် အလယ်တန်းများမှ အမျိုးသမီး ဘောလီဘောနှင့် အမျိုးသား ဘောလီဘော ပြိုင်ပွဲကိုကျင်းပပေးပြီး ထူးချွန်သည့်သူ များအား မြို့နယ်အားကစားမှူးနှင့် မြို့နယ်ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးစောထူးလေးတို့က ပနာမ ရွေးချယ်စိစစ်၍ ပြည်နယ်အဆင့်သွားရောက် ယှဉ်ပြိုင်ရန်လေ့ကျင်​ပေးသွားမည် ဖြစ်ကြောင်းသိရသည်။

ယခုလို မြို့နယ်အဆင့် အားကစား ပြေး၊ ခုန်၊ ပစ် ပြိုင်ပွဲ ၁၂ မျိုးအား ပြိုင်ပွဲများ ကျင်းပပေးရခြင်းမှာ  နိုင်ငံတော်အတွက်  တန်ဖိုးမဖြတ်နိုင်သော ကြီးမားသည့် လူ့စွမ်းအား အရင်းအမြစ်များဖြစ်သည့် လူငယ်များအား ပညာရေးတစ်ခုထဲ၌ ထူးချွန်နေရုံမျှ မရပဲ အရည်အငွေး ပြည့်ဝသည့် နိုင်ငံဂုဏ်ဆောင် ထုးချွန်အားကစားသမားများ ပေါ်ထွန်းလာစေရန်နှင့် နေပြည်တော်၌ ကျင်းပမည့် ကျောင်းသားအားကစားပွဲတော်ကြီးတွင် ကျိုက်မရောမြို့နယ် ကိုယ်စားပြုသွားရောက် ပါဝင်ယှဉ်ပြိုင်စေနိုင်ရန်အတွက် ရည်ရွယ်၍  မြို့နယ်အဆင့် အားကစားပြိုင်ပွဲများကို ကျင်းပရခြင်းဖြစ်ကြောင်း ဒုတိယမြို့နယ်ပညာရေးမှူး  ဦးလှမိုး၏ ပြောပြချက်အရ သိရသည်။

ကျိုက်မရော( ပြန်/ဆက်)