မုဒုံ ဒီဇင်ဘာ ၆
မွန်ပြည်နယ် မုဒုံမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးရွာမတည် ရန်ပုံငွေစီမံကိန်းငွေကျပ်သိန်း ၃၀၀ ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် ကွမ်တာ(ရွာဟောင်း)ကျေးရွာတွင် လုပ်ငန်းဆောင်ရွက်နေမှုများကို နိုဝင်ဘာနောက်ဆုံးအပတ်က တာဝန်ရှိသူများမှ ကွင်းဆင်းစစ်ဆေးခဲ့သည်။
ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်ဦးစီးမှူးနှင့် စီမံကိန်းတာဝန်ခံဝန်ထမ်းများက ကျေးရွာ ကော်မတီဝင်များနှင့်တွေ့ဆုံ၍ လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများ ၊စာရင်းဇယား ဖြည့်သွင်းမှုတို့ကို စစ်ဆေးပြီး လိုအပ်သည်များအား ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။ မုဒုံမြို့နယ် ကွမ်တာ(ရွာဟောင်း)ကျေးရွာတွင် (VRFP)စီမံကိန်းဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေး၊ အရောင်းအဝယ်နှင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်း လုပ်ကိုင်သူဦးရေ စုစုပေါင်း ၄၄ ဦးအား ချေးငွေပမာဏ ၃၃ ကျပ်သန်းကို Type – 1 အနေဖြင့် ထုတ်ချေးပေးထားကြောင်း သိရသည်။
အဆိုပါ ကျေးရွာမတည်ရန်ပုံငွေ စီမံကိန်း(VRFP)သည် နိုင်ငံတော်၏ ကိုဗစ်-၁၉ စီးပွားရေး ထိခိုက်မှုသက်သာရေးစီမံချက်ကို အထောက်အကူပြုစေရန်၊ လုပ်ကွက်ငယ် တောင်သူ စိုက်ပျိုးမွေးမြူ ထုတ်လုပ်သူများနှင့် အသေးစားစီးပွားရေးလုပ်ကိုင်သူများအတွက် လိုအပ်သော ငွေကြေးအရင်းအနှီးများ ရရှိစေကာ မိသားစုဝင်ငွေတိုးပွားရေးလုပ်ငန်းများကို ဆောင်ရွက်နိုင်စေရန်နှင့် တိုးပွားလာသည့် ရန်ပုံငွေများဖြင့် ကျေးရွာမှပိုင်ဆိုင်သော မတည်ရန်ပုံငွေ ထူထောင်ကာ ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆောင်ရွက်နိုင်စေရန် အတွက် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်မှစ၍ မြို့နယ်အတွင်းရှိ ကျေးရွာခြောက်ရွာတွင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြောင်း မုဒုံမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ သိရှိရသည်။
သားငယ်