မြစ်သား၊ စက်တင်ဘာလ ၂၂
မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့တွင် ၂၀၂၀ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရန်အတွက် စေ့စပ်ညှိနှိုင်းရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် (၁၀)နာရီက မြို့နယ်ကျန်းမာရေးဦးစီးဌာန (ပြည်သူ့ဆေးရုံဟောင်း) အစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့သည်။
အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌ ဦးကျော်ဝင်းက ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေး မြို့နယ်ကော်မရှင်အဖွဲ့ခွဲ၏ လက်ရှိလုပ်ငန်းများ ဆောင်ရွက်နေမှု အကြောင်း ရှင်းလင်းဆွေးနွေးခြင်းနှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဝင် မြို့နယ်ကျန်းမာရေးဌာနမှူး ဒေါက်တာစိန်ပိုက ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မဲဆွယ်စည်းရုံးရာတွင် နိုင်ငံရေး ပါတီများအနေဖြင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ချမှတ်ထားသည့်လမ်းညွှန်ချက်များအညီ လိုက်နာဆောင်ရွက်ကြရန်နှင့် အသံချဲ့စက်ဥပဒေကို လိုက်နာဆောင်ရွက်သွားကြရန်တို့ကို အသီးသီး ဆွေးနွေးပြောကြားခဲ့ကြသည်။
ထို့နောက် အစည်းအဝေးသို့တက်ရောက်လာကြသည့် မြို့နယ်ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေး ကော်မတီအဖွဲ့ဝင်များနှင့် နိုင်ငံရေးပါတီဝင်များက လိုအပ်သည်များကို ဖြည့်စွက်တင်ပြ ဆွေးနွေးခဲ့ရာ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌက ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။
မြမြမွန် (ပြန်/ဆက်)