ရခိုင်ပြည်နယ် ဂွမြို့၌ မြို့နယ်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ဂွ ဒီဇင်ဘာ ၆

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့၌မြို့နယ် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲ ၂ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇာနည်ကျော်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ကလေး သူငယ်အခွင့်အရေးများဆိုင်ရာကော်မတီ အတွင်းရေးမှူး ဦးပိုင်သူအောင်က လူမှုဝန်ထမ်းဦးစီးဌာနက လက်ရှိဆောင်ရွက်နေသော ကလေးသူငယ်မှုခင်းများ၊ ကာကွယ်စောင့်ရှောက်ရေးနှင့် ကြိုတင်ကာကွယ်ရေးအတွက် ဆောင်ရွက်နေသည်အခြေအနေများ၊ ရှေ့ဆက်ဆောင်ရွက်မည့်အစီအမံများကို ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် တက်ရောက်လာသော မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများက မိမိတို့ဌာနများအလိုက် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဆောင်ရွက်နေသည့်ကိစ္စရပ်များကို ဝိုင်းဝန်းဆွေးနွေးခဲ့ကြရာ လိုအပ်သည်များကို မြို့နယ်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီဥက္ကဋ္ဌက ပေါင်းစပ်ညှိနှိုင်းဆွေးနွေးပေးခဲ့ကြောင်း သိရသည်။

ရွှေရည်ဝင်းကျော်