ရမည်းသင်းမြို့နယ်၌ ၂၀၂၂ ခုနှစ် ကမ္ဘာ့ခုခံအားကျဆင်းမှု ကူးစက်ရောဂါတိုက်ဖျက်ရေးနေ့ အခမ်းအနားကျင်းပ

ရမည်းသင်း ဒီဇင်ဘာ ၅

မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင်၊ ရမည်းသင်းမြို့ သီလဝခန်းမ၌ (၂၀၂၂) ခုနှစ် ကမ္ဘာ့ခုခံးအားကျဆင်းမှု ကူးစက်ရောဂါတိုက်ဖျက်ရေးနေ့ (World AIDS Day) အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက ကျင်းပပြုလုပ်သည်။

အခမ်းအနားတွင် ရမည်းသင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်ထွန်းက အမှာစကားပြောကြားပြီး ရမည်းသင်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာမြင့်မြင့်မော်က ကမ္ဘာ့တစ်ဝန်းလုံး၌ နှစ်စဉ်ဒီဇင်ဘာတစ်ရက်နေ့တိုင်း ကမ္ဘာ့ခုခံးအား ကျဆင်းမှုကူစက်ရောဂါ တိုက်ဖျက်ရေးနေ့ကို ပြည်သူလူထုတစ်ရပ်လုံး ပူးပေါင်းပါဝင်၍ ခုခံအားကျဆင်းမှု ကူးစက်ရောဂါကို လုံးဝကင်းစင်ပပျောက်သွားသည်အထိ ကြို့ပမ်း ဆောင်ရွက်လျက်ရှိသည့် ရည်ရွယ်ချက်နှင့် အေအိုင်ဒီအက်စ်ပပျောက်ဖို့၊ မညီမျှမှုများ လျော့ချ လို့၊ အားလုံးပူးပေါင်းဆောင်ရွက်စို့ ခေါင်းစဉ်နှင့်အညီ အိတ်ခ်ျအိုင်ဗွီ၊ အေအိုင်ဒီအက်စ် ကင်းဝေးသော အနာဂါတ်ကို ဖော်ဆောင်ကာလူတိုင်း ညီတူ၊ ညီမျှ လက်လမ်းမီရရှိအောင် ဆောင်ရွက်လျက်ရှိကြောင်း ရှင်းလင်းပြောကြားပြီး ရမည်းသင်းခရိုင်အတွင်း ခုခံအားကျဆင်းမှု ရောဂါနှင့် ပတ်သက်၍ ကျန်းမာရေးစောင့်ရှောက် ကုသပေးနေမှုတို့ကို ပရိုဂျက်တာဖြင့် ရှင်းလင်းပြသခဲ့ကြောင်း သိရသည်။

ဆက်လက်၍ ကမ္ဘာ့ခုခံအားကျဆင်းမှု ကူးစက်ရောဂါတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် ရမည်းသင်းခရိုင်အတွင်း အခြေခံပညာကျောင်းများမှ အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲတို့တွင် ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများအား တာဝန်ရှိသူများက ဆုများ အသီးသီးချီးမြှင့်ပေးအပ်ပြီး မိတ္ထီလာခရိုင်နှင့် ရမည်းသင်းခရိုင်တို့မှ စေတနာဝန်ထမ်းများမှ (AIDS) ရောဂါပပျောက်ဖို့ အသိပညာပေး တေးသရုပ်ဖော်အကများဖြင့် ဖျော်ဖြေတင်ဆက် ခဲ့ကြသည်။

အဆိုပါ အခမ်းအနားသို့ ရမည်းသင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်ထွန်းနှင့် အဖွဲ့ဝင်များ၊ ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်စီမံအုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမောင်ရွှေသိန်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ ခရိုင်နှင့်မြို့နယ် အမျိုးသမီးရေးရာ အဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ အခြေခံပညာ ကျောင်းများမှ ဆရာ၊ ဆရာမ (၃၀၀) ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။

ခရိုင် (ပြန်/ဆက်)