မူဆယ်မြို့တွင် အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်း အမှတ်စဉ်(၃) အသိပညာပေးဟောပြောပွဲ ကျင်းပ

မူဆယ် ဒီဇင်ဘာ ၅

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မူဆယ်မြို့တွင် ယနေ့နံနက် ၁၀ နာရီအချိန်က မူဆယ်မြို့ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း၏ အဆင့်မြင့် အိမ်တွင်းမှုစက်ချုပ်သင်တန်းအမှတ်စဉ်(၃) သင်တန်းသူများအား  အသိပညာပေးဟောပြောပွဲ ကျင်းပ ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မူဆယ်ခရိုင် ဉပဒေရုံး၊ ခရိုင်ဉပဒေအရာရှိ ဦးကျော်မင်းအောင်က လူကုန်ကူးခံရသူများအား တရားခွင်မတိုင်ခင် ကြိုတင်ပြင်ဆင်ခြင်းအကြောင်း အရာများ၊ လူကုန်ကူးမှု ကျူးလွန်သည့် ပုံစံများ၊ ဉပဒေအရာရှိများသည် လူကုန်ကူးမှုများတွင် တရားလိုဘက်မှ လိုက်ပါဆောင်ရွက်ရပြီး လူကုန်ကူးခံရသူမှ ထွက်ဆိုလာနိုင်အောင် သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ်၍ တရားခွင်မတိုင်ခင် ကြိုတင်ပြင်ဆင်ခြင်းတို့ကို တင်ပြဆွေးနွေးခဲ့ပါသည်။ ယင်းနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးအယ်လ်စိုးထန်တူးမှ အိမ်တွင်းမှုသင်တန်းသူများကို လူမှုဆက်ဆံရေး ကောင်းမွန်စေရေးနှင့် ငယ်ရွယ်စဉ်မှစ၍ ရည်မှန်းချက်ကြီးကြီး ထားတတ်ကြစေရန် ဉပမာ၊ သာဓကများဖြင့် သင်ပြဟောပြော ခဲ့ပါသည်။ ထို့နောက် လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့မှူး ရဲမှူး ဦးမင်းနိုင်မှ လူကုန်ကူးမှုများ မဖြစ်ပေါ်စေရန် ကြိုတင်ပြင်ဆင်ထားသင့်သည့်/သိထား သင့်သည့်အချက်များ၊ ရွှေ့ပြောင်း သွားလာ လုပ်ကိုင်ခြင်းသည် လူကုန်ကူးမှု ဖြစ်ပွားခြင်း၏ အဓိကအကြောင်းအရင်း ဖြစ်ကြောင်းတို့ကို ပြောကြားခဲ့ပါသည်။ ဆက်လက်၍ မူဆယ်ခရိုင် လူမှုဝန်ထမ်းဦးစီးဌာန ဒုတိယညွန်ကြားရေးမှူး ဒေါ်တင်တင်စိန်မှ အမျိုးသမီးများအပေါ် ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ၊ စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ၊ လိင်ပိုင်းဆိုင်ရာ အကြမ်း ဖက်မှုများ၊ စီးပွားရေးဆိုင်ရာ အကြမ်းဖက်မှုများနှင့် ဆက်သွယ်ရေးနည်းပညာများ   အသုံးပြု၍ အကြမ်းဖက်မှုများ ပပျောက်နည်းပါးလာစေရေးအတွက် အကျယ်တဝင့် ရှင်းလင်း ဟောပြောခဲ့ပါသည်။ အဆိုပါ ဟောပြောပွဲ အခမ်းအနားတွင် သက်ဆိုင်ရာဌာနဆိုင်ရာ အကြီးအကဲများ၊ သင်တန်း ဆရာမများနှင့် သင်တန်းသူ(၃၀)ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

ဆက်ပိုင်(မူဆယ်)